ဒီအခွင့်အရေး၊ လွတ်ထွက်မသွားစေချင်ပါ

ဆောင်းပါး
ဘိုဘိုကျော်ငြိမ်း
နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၀၆ ခုနှစ်

ရှစ်လေးလုံး ပြည်လုံးကျွတ် လူထုအုံကြွမှုကြီးကို ဖေါ်ထုတ် ခေါင်းဆောင်ခဲ့ကြတဲ့ ထိပ်သီး ခေါင်းဆောင်တွေကို နအဖ အာဏာပိုင်တွေက ဖမ်းဆီးသွားပြီ ဆိုတဲ့သတင်း ကြားရတော့ စိတ်လှုပ်ရှားသွား မိပါတယ်။ ကျောင်းသား ခေါင်းဆောင်တွေ အချိန်မရွေး အဖမ်းခံနိုင်တယ်ဆိုတာကို သိလျက်နဲ့ တကယ်ဖမ်းပြီလို့ သတင်းကြားလိုက်ရတော့ ရင်ထဲမှာ ခံစားလိုက်ရတယ်။

၇၄ ဦးသန့် အရေးအခင်းမှာ ခေါင်းဆောင်ပိုင်းက ပါဝင်ခဲ့စဉ်က အဖမ်းမခံဘူးဟေ့ ဆိုပြီး တိမ်းရှောင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ကျနော်တို့ညီအကို လွတ်သွားရင် အဖေ့ကို ဖမ်းမယ်ဆိုတာ သိတာကြောင့် အဖမ်းခံဖို့ အိမ်ပြန် ခဲ့ကြပါတယ်။ အဖမ်းခံဖို့ ပြင်ဆင်ပြီးပေမယ့် ဂိတ်ဝမှာ စစ်သားတွေနဲ့ စစ်ကားတွေ ရောက်နေပြီလို့ ကြားရတော့ ရင်ဝမှာ ဆို့သွားတယ်။ နှစ် ၃၀ ကျော် ကြာခဲ့ပြီ ဖြစ်ပေမယ့် ဒီခံစားမှုမျိုးကို မမေ့နိုင်ပါ။ ကျောင်းသား ခေါင်းဆောင်တွေ ဖြတ်သန်းနေရတာကို တွေးမြင်မိရင်း ဒေါသစိတ်၊ မခံချင်စိတ်တွေ ပြန်ခံစားမိရပါတယ်။
ဘာကြောင့် ကြက်ကလေး၊ ငှက်ကလေးတွေလို လာဖမ်းနိုင်တာလဲ။ အဓိကကတော့ လှုပ်ရှားစရာ နိုင်ငံရေးနယ်မြေ မရှိတာရယ် (ဒါက နအဖရဲ့ ဖိနှိပ်မှု) ညီညွတ်မှုရမှ ‘အင်အား’ ရှိမယ်ဆိုတာ သိရက်နဲ့ အခုထိ မလျှောက်လှမ်း နိုင်သေးတာရယ် (ဒါက ကျနော်တို့အားလုံး ညံ့ဖျင်းမှု)။ ဒါကြောင့် ‘၁၈’ နှစ် ကြာခဲ့သည့်တိုင် အတိုက်အခံလို့ ခေါ်နိုင်တဲ့ လူတစုမှာ တကယ် ‘အင်အား’ကို မဖေါ်ထုတ်နိုင်ခဲ့ကြပါ။ ကြက်ဥ အစရှာမရသလို၊ သပွတ်အူ ရှုတ်ထွေးရင်း အတိုက်အခံအစုများ (ပြည်ပရောက်) အတွင်းမှာ ဖင်လိမ်ကကြရင်း တကယ်လုပ်ရမယ့် မိမိတို့ရဲ့ တာဝန်ကို လစ်ဟင်းခဲ့ကြပါတယ်။

‘အင်အား’ ဆိုတဲ့နေရာမှာ အင်အား နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမ အင်အားက လူတစုသော်၎င်း၊ လူနည်းစုကသော်၎င်း၊ စနစ်တကျ ဖွဲ့စည်းပြီး ‘အင်အား’ ယူထားခြင်း၊ ဥပမာ - နအဖ ဟာ စစ်တပ်တည်းဟူသော အဖွဲ့အစည်းကို စနစ်တကျ ဖွဲ့စည်းပြီး သူတို့ရဲ့ စုစည်းမှုကနေ ‘အင်အား’ ယူထားခြင်း၊ ဒုတိယ အင်အားကတော့ စနစ်တကျ ဖွဲ့စည်းခြင်းမရှိပေမယ့် ခံစားချက်၊ ရည်ရွယ်ချက်တူတဲ့ လူများစုကနေ ပေါက်ဖွားလာတဲ့ အင်အား၊ တနည်းအားဖြင့် ‘လူထုအင်အား' ဖြစ်ပါတယ်။ သာမန်အချိန်မှာ စနစ်ရှိတဲ့ လူနည်းစုက အဖွဲ့အစည်းမရှိတဲ့၊ စနစ်မရှိတဲ့ လူများစုကို အုပ်စိုး၊ ဗိုလ်ကျလေ့ရှိပါတယ်။ ဥပမာ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းနဲ့၊ စနစ်နဲ့ လိုက်နာမှုရှိတဲ့ နအဖ လူနည်းစု (၅ သိန်းတပ်)က ဖွဲ့စည်းမှုနဲ့ စနစ်မရှိတဲ့ မြန်မာနိုင်ငံလူထု (လူများစု)၊ သန်း ၅၀ ကို ဗိုလ်ကျအုပ်ချုပ်လျက်ရှိပါတယ်။
ဆဒ္ဒန်ဟူစိန် လက်ထက်က အီရက်မှာ လူနည်းစု ဆူနီ (Sunni) များက ဘက်(ဒ်)ပါတီ (Baath Party) အားကိုးနဲ့ လူများစုဖြစ်တဲ့ ရှီးရာ (Shiite) နဲ့ ကတ်(ဒ်) (Kurds) တွေကို ဖိနှိပ် အုပ်ချုပ်ခဲ့ပါတယ်။ ဆိုဗီယက် အုပ်စိုးတဲ့ အရှေ့ဥရောပ နိုင်ငံတွေမှာလည်း ကွန်မြူနစ် အာဏာရှင် (လူနည်းစု) က လူများစု (လူထု) ကို ဖိနှိပ်အုပ်ချုပ်ရာကနေ အရောင်တော်လှန်ရေး (Color Revolution) လို့ အမည်တွင်ခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ယူကရိန်း၊ ဂျော်ဂျီယာ၊ ဆာဗီးယားနိုင်ငံတွေမှာ ပေါက်ဖွားအောင်မြင်ခဲ့ကြတယ် မဟုတ်ပါလား။

လူထုအင်အား (သို့) လှုပ်ရှားမှု ပေါ်ပေါက်ဖို့
(၁) ရည်မှန်းချက်နဲ့ ခံစားချက်
(၂) ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ပိုင်း
(၃) ဗျူဟာ
(၄) ဦးဆောင်အဖွဲ့အစည်း
(၅) ကိုယ်ကျိုးစွန့်တာဝန်ထမ်းဆောင်မယ့် အဖွဲ့သားတွေ ရှိကိုရှိရပါမယ်။

ကျနော်တို့ ရှစ်လေးလုံး (၈၈၈၈) လူထုအုံကြွမှုကြီးရဲ့ ဖြစ်စဉ်ကလေးတွေကို ပြန်လည်သုံးသပ်ကြည့်ကြရအောင် …

တော်လှန်ရေးကောင်စီ အသက် ၁၂ နှစ်၊ မဆလ ခေတ် ၁၄ နှစ်လုံးလုံး မြန်မာစစ်တပ်ဟာ တပြည်လုံးကို ရက်စက်စွာ ဓါးမိုးအုပ်ချုပ်ခဲ့ပါတယ်။ ၆၂ ခုနှစ် ကျောင်းသားအရေး၊ ၇၄ ခုနှစ် ဦးသန့်အရေး၊ ၇၆ ခုနှစ် မှိုင်းရာပြည့် စတဲ့ လှုပ်ရှားမှုတိုင်းမှာ တိုင်းပြည်ရတနာ လူငယ်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး သေနတ်အားကိုးနဲ့ မတရား နှိမ်နှင်းခဲ့ပါတယ်။ ဒီလို ဓါးမိုးအုပ်ချုပ်နေတဲ့ကြားက မထင်မှတ်တဲ့ စက်မှုတက� သိုလ်က ဖြစ်ရပ်ကလေးကနေ တပြည်လုံး မီးဟုန်းဟုန်း တောက်ခဲ့ရပါတယ်။

အကြောင်းမှာ တဦးချင်း အားမတန်လို့ မာန်လျော့ပြီး ဟန်ဆောင် နေကြရပေမယ့်လည်း အတွင်းစိတ်၊ မခံချင်စိတ်၊ ခံပြင်းစိတ်တွေ လူတိုင်းလိုလို ခံစားနေကြရပါတယ်။ မထင်မှတ်တဲ့ ဖြစ်ရပ်ကလေးက ခံစားစိတ်ကို ‘ဆွ' ပေးလိုက်တဲ့အခါ လူတွေစုမိ လာကြပါတယ်။ ဒီ ‘စုရပ်’ က ‘အရှိန်’ကို ဖန်တီး ပေးလိုက်တဲ့အခါ ‘အင်အား' ဖြစ်ပေါ်လာပါတယ်။ ‘အင်အား’ ကနေ 'မျှော်လင့်ချက်’ (Hope) ကို ပေါ်ထွန်းထင်ရှားစေပါတယ်။ ဒီ 'မျှော်လင့်ချက်’ဟာ လူတကာစီ ကူးစက်ကာ အနယ်နယ် အရပ်ရပ်ကို ပြန့်နှံ့ သွားစေပါတယ်။

ဒီလို စက်မှုတက္ကသိုလ်ကနေ စတင်လှုပ်ရှားပေါ်ပေါက်လာပြီး ‘လူထုအုံကြွမှုကြီး’ သဏ္ဍာန် ဆောင်လာပါတယ်။ ကျောင်းသားလှုပ်ရှားမှုကြီးက ဗကသ – မကသ - ရကသ – အကသတ – ဆိုတဲ့ အဖွဲ့အစည်း အသီးသီး ပေါ်ပေါက်လာပြီး ကျောင်းသားထုကနေ လူထုကြီးအထိ ကျယ်ပြန့်တဲ့ ‘လူထုအုံကြွ’ မှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီနေရာမှာ အရည်အချင်း၊ သတ္တိနဲ့ အမျှော်အမြင်ရှိတဲ့၊ ဗကသ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် (ဥက္ကဌ)၊ ကိုမိုးသီးဇွန် (အထွေထွေ အတွင်းရေးမှူး)၊ ကိုကိုကြီး (ဒုဥက္ကဌ)၊ ကိုဝင်းမိုး၊ ကိုအောင်နိုင် (တွဲဖက် အထွေထွေ အတွင်းရေးမှူး) တွေနဲ့ မကသ က ကိုမင်းဇေယျာနဲ့ ကိုဌေးကြွယ် အစရှိတဲ့ ခေါင်းဆောင်တွေ ထင်ပေါ် လာခွဲကပါတယ်။ ထောင်သောင်းချီရှိတဲ့ လူထုအုပ်ကြီးကို စည်းရုံး ဦးဆောင်ရတာ မလွယ်လှပါဘူး။ အထူးသဖြင့် ကျောင်းသားထုကနေ လူထုကြီးဆီ ဦးတည် ပြောင်းရွှေ့ဖို့ ဦးဆောင် ဆွေးနွေးပြီး လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တယ် ဆိုတာ ရာဇ၀င်တွင်ရစ်မယ့် ကိုမိုးသီးဇွန်ရဲ့ နိုင်ငံရေးအမွေ Political Legacy ပဲ ဖြစ်ပါတယ်။

တနိုင်ငံလုံး အတိုင်းအတာထိ ကျယ်ပြန့်ခဲ့တယ်ဆိုတာ တိုင်း၊ ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက် အဆင့်ဆင့် တာဝန်ကျေခဲ့ကြတဲ့ ကျောင်းသားနဲ့ ပြည်သူ့ ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။ တပ်မတော်သားတွေတောင် ပြည်သူဖက်က ချီတက်ခဲ့ကြတယ် မဟုတ်ပါလား။ ဒီအရာဟာ ပြည်သူ့အား ဖြစ်ပါတယ်။ စစ်တပ်ဆိုတာဟာ အားသာမှု မရရင် ခံစစ်ကို ပြင်ဆင်လေ့ ရှိပါတယ်။ မဆလ ရဲ့ စစ်တပ်ဟာလည်း အုပ်ချုပ်မှုအာဏာကို စွန့်လွှတ်ပြီး အင်အားမပျက်ရလေအောင် စစ်တန်းလျားတွေဆီ ပြန်လည် ဆုတ်ခွာပြီး အင်အားပြန်စု ခဲ့ပါတယ်။ ဘယ်နိုင်ငံမှာမဆို အုံကြွမှု ဖြစ်ပြီးရင် ကေရောစ် (Choas) လို့ခေါ်တဲ့ မငြိမ်သက်မှုဟာ ဖြစ်စမြဲပါ။ ဒီ စပ်ကူးမတ်ကူးကာလ မငြိမ်သက်မှုကို ထိန်းသိမ်းဖို့ လူထုကို သြဇာညောင်းတဲ့ ‘အသံ’ (သို့) 'ခေါင်းဆောင်’ လိုအပ်ပါတယ်။ ဥပမာ - ယူကရိန်းကနေ ယူချင်းကို (Yushchenko) ၊ ဆာဖီးယားကနေ ကောစကူနီကာ (Kostunica) ၊ ဒီ အသံမရှိအောင် ၂၆ နှစ်လုံးလုံး ဖိနှိပ်မှု၊ ရက်စက်မှုတွေနဲ့ နှိပ်ကွပ်ခဲ့တဲ့ မဆလ အစိုးရရဲ့ ကြိုးစားမှုကြောင့် ကျောင်းသားနဲ့ လူထုဟာ ကြီး ၄ ကြီးကို အားကိုးခဲ့ရတယ်။ ဒီ ကြီး ၄ ကြီး ဟာ တသံထဲ မထွက်နိုင်ခဲ့တာကြောင့် ဉာဏ်ပြေးတဲ့ ဦးနေ၀င်းရဲ့ နိုင်ငံရေး ထောင်ခြောက်က မထွက်နိုင်ဘဲ စစ်တပ်က ထပ်ဆင့် အာဏာသိမ်း နိုင်ခဲ့ပါတယ်။

ရုတ်တရက် ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အသုံးပြုပြီး လူထုကြီး တရပ်လုံးကို ဦးဆောင်ကာ အုံကြွမှုကြီးကို ဖေါ်ထုတ် နိုင်ခဲ့တာ လူငယ်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ပြင်ဆင်ခြင်း မရှိဘဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကြောင့် လူထုအင်အားနဲ့ ၂၆ နှစ်တိုင်တိုင် အုပ်စိုးခဲ့တဲ့ မဆလ အစိုးရနဲ့ အစိုးရ အဆောက်အုံကြီး တခုလုံးကို ဖျက်ဆီးနိုင်ခဲ့ပေမယ့် ဦးဆောင်ခဲ့သူ ကျောင်းသား ခေါင်းဆောင်တွေမှာ အစိုးရ အာဏာကို ပြောင်းယူဖို့သော်၎င်း၊ အစားထိုးနိုင်တဲ့ ယာယီအစိုးရ ပုံမျိုးသော်၎င်း၊ ပြင်ဆင်မှု မရှိခဲ့ကြပါ။ ဒါဟာ ကျောင်းသား ခေါင်းဆောင်တွေရဲ့ အပြစ်မဟုတ်ပါ။ ၂၆ နှစ်တိုင်တိုင် ပြည်သူတွေကို နားပိတ်၊ မျက်စိပိတ်ပြီး ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တာကြောင့် ဒီအဆင့်၊ ဒီဗျူဟာ (Strategy) ရှိရမယ် ဆိုတာကို သတိမပြုမိခဲ့ကြပါ။

စက်တင်ဘာလ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကျောင်းသားထုဟာ နယ်စပ်ကို ရွှေ့ပြောင်းခဲ့ကြပြီး ကျောင်းသား တပ်မတော် (ABSDF) ပေါ်ပေါက် လာခဲ့ရပါတယ်။ ပထမပိုင်းမှာ အရှိန်ကောင်း နိုင်ခဲ့ကြပြီး ထိပ်ပိုင်းမှာ ကွဲကြပြီးနောက် ကျောင်းသားထု အင်အားဟာ ကမ္ဘာအနှံ့ ပြန့်ခဲ့ကြပါတယ်။ အုပ်ချုပ်မှု အာဏာကို ကောင်းကောင်း သဘောပေါက်တဲ့ စစ်အာဏာပိုင်တွေဟာ ပြိုကွဲသွားတဲ့ ကျောင်းသားထု အင်အား ပြန်လည် မတည်ဆောက်နိုင်အောင် ရှစ်လေးလုံး (၈၈၈၈) ကို ဦးဆောင်ခဲ့ကြတဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေကို ထောင်ထဲမှာ နှစ်ရှည်လများ ချုပ်နှောင်ထားပြန်ပါတယ်။ ကျောင်းသားတွေ ဦးဆောင်ခဲ့တဲ့ ခေတ်အပြီးမှာ ဒေါ်စုရဲ့ ဦးဆောင်မှုအရှိန်ဟာ တအားတက်ခဲ့ပြီး NLD အရေးပါတဲ့ခေတ် ရောက်ခဲ့ရပါတယ်။ ဒေါ်စုရဲ့ အရှိန်ဟာ ပြည်တွင်းမှာသာမက ပြည်ပမှာပါ တောက်ပြောင် ခဲ့ပါတယ်။ ဒေါ်စုရဲ့ သတ္တိနဲ့ အရည်အချင်းကို အသိအမှတ်ပြုတဲ့အတွက် ‘နိုဘယ်လ်’ ဆုကို ချီးမြှင့်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ကို ပြည်သူတွေက ရွေးခဲ့တာကို ငြင်းမရပါဘူး။ အမှန်စင်စစ် ဒေါ်စုရဲ့ ဦးဆောင်မှုကို ပြည်သူက အသိအမှတ်ပြု၊ မှတ်တမ်းတင်ခဲ့ခြင်း လို့ ဆိုနိုင်ပါတယ်။ ကျောင်းသားခေတ်ကနေ NLD ခေတ်ကို ရောက်ခဲ့ပြီလို့လည်း ဆိုနိုင်ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီးမှာ စစ်အစိုးရဟာ အခက်အခဲ ၂ ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တဖက်မှာ ပြည်သူက တခဲနက် ထောက်ခံခဲ့တဲ့ ဒေါ်စုရဲ့ ဦးဆောင်မှုနောက်မှာရှိတဲ့ အတိုက်အခံတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ ချို့တဲ့အားနည်းနေတဲ့ စစ်တပ်ကို ပြန်လည်ထူထောင်ဖို့ ဖြစ်ပါတယ်။ စစ်တပ်အတွက် ကံကောင်းတယ်လို့ ဆိုရမှာကတော့ ဦးနေ၀င်း အသက်ထင်ရှား ရှိနေခြင်းပင် ဖြစ်ပါတယ်။ နိုင်ငံရေးအတွေ့အကြုံကြွယ်ဝပြီး ဉာဏ်နီဉာဏ်နက် များတဲ့ ဦးနေ၀င်းဟာ အတိုက်အခံ အင်အားစုကို ဘယ်လို ဖြိုခွဲရမယ် ဆိုတာကို ကောင်းကောင်း သဘောပေါက်ပါတယ်။ တဖက်မှာကလည်း စစ်တပ်ထဲမှာ သူ့အရှိန်အ၀ါဟာ ကြီးမားတဲ့အတွက် အခုလို အရေးကြီးတဲ့ အချိန်မှာ စစ်တပ်ဟာ ပြိုကွဲ မသွားခဲ့ပါဘူး။ ထောက်လှမ်းရေးကို ဗိုလ်ချုပ်ခင်ညွန့် လက်ထဲမှာ အပ်ထားပြီး အရေးကြီးတဲ့ တပ်တွေကို ဗိုလ်ချုပ်တင်ဦး (လေယာဉ်ပျက်ကျ သေဆုံး) လက်ထဲမှာထားတဲ့ ‘ရုပ်သေးက’ ကပြီး နိုင်ငံရေး ကျားကွက်ကို လှလှကလေး ရွှေ့ကစားသွားနိုင်သူဟာ အုပ်ချုပ်မှု အာဏာနဲ့ အစိုးရရဲ့ ယန္တရားအကြောင်း ကောင်းကောင်းသိကျွမ်းတဲ့ ဦးနေ၀င်းပဲ ဖြစ်ပါတယ်။

တဖက်မှာက နိုင်ငံရေးသမား အများစုဟာ (စစ်ဗိုလ်ဟောင်းတွေမှ အပ) အစိုးရရဲ့ အုပ်ချုပ်မှု ယန္တယားနဲ့ အုပ်ချုပ်မှု အာဏာ၊ အာဏာရဲ့ လှည့်စားမှု အကြောင်းတွေကို ကောင်းကောင်း နားမလည်ကြပါဘူး။ ဒါ့အပြင် ကျနော့် အမြင်မှာ သူရဲကောင်း ကိုးကွယ်လိုစိတ်တွေ ကိန်းအောင်းလျက် ရှိပါတယ်။ စစ်အစိုးရကို စိန်ခေါ်ရဲတဲ့ ဒေါ်စုရဲ့ သတ္တိ၊ ကြောက်ရွံ့ခြင်းကို ကျော်လွှားရင်ဆိုင်ရဲတဲ့ ဒေါ်စုရဲ့ ပြင်းပြတဲ့ ယုံကြည်ချက်နဲ့ နိုင်ငံတကာရဲ့ အားပေးလေးစားမှုကို တွေ့မြင်ရတဲ့ အများစုဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ပြင်းထန် လာကြပါတယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်ရာကနေ ဒီမိုကရေစီနဲ့ တိုင်းပြည်ကို ဒေါ်စုက ကယ်တင်ဖေါ်ထုတ် ပေးမယ်လို့ မျှော်လင့်အားကိုးခဲ့ကြပုံ ရပါတယ်။ အများစုဟာ ‘ငါ ဘာလုပ်ရမယ်’ ဆိုတာကို မေ့လျော့ပြီး ဒေါ်စုကယ်တင်မယ့် နေ့ကို ထိုင်စောင့်နေကြပုံရပါတယ်။

လွတ်လပ်ရေး တိုက်ပွဲတိုင်း၊ တော်လှန်ရေးတိုင်း၊ လှုပ်ရှားမှုတိုင်းဟာ တဦးတယောက်ထဲကြောင့် အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ လီနင်ရဲ့နောက်မှာ ကွန်မြူနစ်ပါတီနဲ့ ပါတီဝင်တွေရှိသလို နယ်(လ်)ဆင်မင်ဒဲလားရဲ့ နောက်မှာ အေအဲန်စီ (ANC) နဲ့ သူ့ပါတီဝင်တွေ ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ ဖဆပလ အဖွဲ့ကြီးနဲ့ ဦးဆောင်မှု ပေးနိုင်တဲ့ စူပရင်းကောင်စီ (Supreme Council) ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထူးခြားတဲ့ အရည်အသွေးဟာ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေကို ဖဆပလ ရဲ့ အလံအောက်မှာ တိုင်းပြည်အတွက် အတူပါဝင်လာအောင် စည်းရုံးနိုင်ခြင်းပင် ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုရဲ့ ရလဒ်မှာ ဒေါ်စုအပေါ် တည်မှီ အားထားလွန်းတဲ့အတွက် ဒေါ်စုမရှိရင် မဆုံးဖြတ်ရဲ၊ မလုပ်ရဲကြတော့ပါ။ ဒီအန္တရယ်ကို မြင်ပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို အစကထဲက ရှောင်ရမယ် လို့ ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလမှာ အမေရိကန်အမတ် ဘီ(လ်)ရ၀်ချက်ဆင် (Bill-Richardson) နဲ့ တွေ့စဉ်က ဒေါ်စု ပြောကြားခဲ့တာပဲ မဟုတ်ပါလား။

နယ်(လ်)ဆင်မင်ဒဲလား (Nelson-Mendala) တယောက် နှစ်ရှည်လများ ထောင်ထဲမှာ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေစဉ်အတွင်း အေအဲန်စီ (ANC) ခေါင်းဆောင်တွေဟာ ဆက်တိုက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ (ANC) ခေါင်းဆောင်တွေရဲ့ တာဝန်ပေးချက်အရ အောလင်ဗီယာတင်ပို (Oviver Tambo) ဟာ တောင်အာဖရိက အပြင်ဘက်မှာရှိတဲ့ အင်အားတွေကို စုစည်း ဦးဆောင်ခဲ့ရုံမက နိုင်ငံတကာက တောင်အာဖရိကနိုင်ငံကို ဖိအားပေးဖို့ နိုင်ငံတကာကို လှည့်လည် စည်းရုံးနိုင်ခဲ့ပြီး အေအဲန်စီ ကို နိုင်ငံတကာက ထောက်ခံ အားပေးလာအောင် ဦးဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တိုင်းပြည်တွေ သာမက အနောက်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ (အထူးသဖြင့်) ဘဏ်တွေက ၀ိုင်းကြဉ် လာကြတာကြောင့် အသားရောင်ခွဲခြားမှု (Apartheid) မူဝါဒ ကို ကျင့်သုံးတဲ့ လူနည်းစု လူဖြူအစိုးရဟာ ပြိုခဲ့ရပါတယ်။ (Oliver Tambo) ဟာ မင်ဒဲလားရဲ့ လုပ်ဖေါ်ကိုင်ဖက် ၀ါရင့် နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။

ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ဦးစားပေးတဲ့ မြန်မာတွေကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အရွေးခံရတဲ့ အမတ်တွေဟာ နိုင်ငံရေးကို သိပ်နားမလည်ပေမယ့် ဒေါ်စုရဲ့ အကိုဝမ်းကွဲဆိုတဲ့ အရှိန်နဲ့ (NCGUB) ရဲ့ ၀န်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။ ဦးဆောင်မှု ပေးရမယ့်သူရဲ့ အရည်အသွေးနဲ့ NCGUB ရဲ့ လက်ရှိ အနေအထားကို နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သိရှိပြီး ဖြစ်ပါတယ်။ NCGUB ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလွင် ကိုယ်တိုင်က NCGUB ရဲ့ အဝေးရောက် အစိုးရတွေအပေါ် သဘောထားကို ရေဒီယိုအင်တာဗျူးမှာ ဖြေကြားပြီးတဲ့တိုင် ဒေါ်စုရဲ့ မျက်နှာ၊ ဒေါ်စုရဲ့ အရှိန်နဲ့ မငြင်းပယ်ရဲ ကြပါဘူး။ ကျနော် သိရသလောက် ဒေါ်စုရဲ့ ညွှန်ကြားချက် တစက်မှ မပါခဲ့ပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်စိတ်နဲ့ ဒေါ်စု ကြိုက်မယ်ဆိုတဲ့ အထင်နဲ့ လုပ်နေကြခြင်းဖြစ်မယ်လို့ပဲ ထင်မှတ်မိပါတယ်။

ဒီအဖြစ်ကို စဉ်းစားမိတိုင်း (ကိုကို) ကို သတိရမိပါတယ်။ ကိုကို ဟာ ရုပ်ချော၊ သဘောကောင်း၊ စာတော်ပြီး အလွန်အမင်း သိမ်မွေ့ကာ လိမ်မာရေးခြားရှိတဲ့ လူငယ်တယောက် ဖြစ်ပါတယ်။ ဆေးကျောင်းက အောင်ပြီး ဆရာဝန်ပေါက်စ ဘ၀မှာ သမီးရှင်တွေ ၀ိုင်းဝိုင်းလည် နေပါတယ်။ နွဲ့တဲ့တဲ့ အမူအရာရှိတာကိုတောင် မင်းကတော်တို့ မမှုနိုင်ပါဘူး။ 'မိန်းမ'သာ ပေးစားလိုက်ဟဲ့ လို့ တီးတိုး အားပေးကြပါတယ်။ တနေ့မှာတော့ အင်မတန် ချောမောလှပတဲ့ မိန်းမပျိုလေးနဲ့ လက်ဆက်ဖို့ စီစဉ်ကြပါတယ်။ မင်္ဂလာဦးညမှာ (ကိုကို) ဟာ သတို့သမီးနဲ့အတူ မိတ်ကပ်တွေလိမ်းကာ ပျော်မွေ့နေပါတယ်။ သဘာဝကို (ကိုကို) မလွန်ဆန်နိုင်ပါ။ ဂုဏ်မက်ပြီး မိန်းမပေးစားရုံနဲ့ မိသားစု မတိုးချဲ့နိုင်ပါ (ကလေး မရနိုင်ပါ)။ '၀' မရှိဘဲ '၀ိ' မလုပ်နိုင်ပါ။ နိုင်ငံရေး နားမလည်နိုင်သူကို ရာထူးခန့်ရုံနဲ့တော့ ခေါင်းဆောင်ဖြစ်မလာနိုင်ပါ။ တော်လှန်ရေး ပျက်ရုံသာ ရှိပါတယ်။ သကြားမင်းတောင် ကယ်နိုင်မှာ မဟုတ်ပါဘူး။

နောက်ဆုံးမှာ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေက ဒေါ်စု ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ပြောင်းပြန် လာဖြစ်ရပါတယ်။ ၁၉၉၄ ခုနှစ်က ဘီ(လ်)ရစ်ချပ်ဆင် (Bill Richardson) နဲ့ တွေ့စဉ်က 'ဒီမိုကရေစီလှုပ်ရှားမှုကြီးကို တခုလုံးအနေနဲ့ မြင်စေချင်ပါတယ်၊ ကျမ တယောက်ထဲလို့ မမြင်ကြစေချင်ပါ' လို့ ဒေါ်စုက ပြောခဲ့ပါတယ်။ (Burma Debate Vol(I), No 1, 1994, P.10- referred by Kei Nemoto, Aung San Suu Kyi & Contemporary Burma, pg(8)။ အခုတော့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ဒေါ်စုကို မူတည် အခြေပြုတဲ့ လှုပ်ရှားမှု ဖြစ်နေပါပြီ။ ဒေါ်စု လှုပ်ရှားခွင့် မရှိရင် 'အင်အား' မရှိကြတော့ပါ။ ဒီအကျဉ်းအကြပ်ထဲမှာ နအဖ က နည်းမျိုးစုံနဲ့ နိုင်ငံရေးနယ်ပယ် ကျဉ်းအောင် နိုင်ငံရေး ဖြတ် ၄ ဖြတ်နဲ့ တိုက်ခိုက်လျက် ရှိတာကြောင့် NLD အင်အားချို့တဲ့နေတာ မဆန်းလှပါဘူး။ အကောင်းမြင်ဘက်က ကြည့်ရင် NLD ဟာ အတိုက်အခံ ပါတီအဖြစ် ရပ်တည်နိုင်တာကိုပင် ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။

NLD ပြီးရင် မူရင်း အင်အားစုဖြစ်တဲ့ ကျောင်းသား အင်အားစုဟာ အမြင်ကျဉ်းတဲ့ ဂိုဏ်းဂဏ စိတ်တွေကြောင့် 'အင်အား' အဖြစ် ရပ်မတည်နိုင်ခဲ့ကြပါဘူး။ အချိန် ကြာလာတာနဲ့အမျှ ရှစ်လေးလုံး (၈၈၈၈) လှုပ်ရှားမှုထဲက ကျောင်းသား အများစုဟာ လူလတ်ပိုင်းအရွယ်၊ လူကြီးတွေ ဖြစ်ခဲ့ကြပါပြီ။ အိမ်ထောင်ကျသူ ကျ၊ ဘူဇွာဖြစ်သူ ဖြစ်နဲ့ ဘ၀သံသရာမှာ အများနည်းတူ ရုန်းကန်ခဲ့ကြရပါတယ်။ သံမဏိ စိတ်ဓါတ်နဲ့ ကြံ့ကြံ့ခံ နေကြသူတွေ ရှိသလို၊ ဂေါ့(ဂ်) (Golf) ရိုက်တတ်တာနဲ့ ဘ၀မေ့ ကုန်သူတွေလည်း ရှိပါတယ်။ ဆန္ဒပြစားရင်းနဲ့ ကိုယ့်ဟာကိုယ် ခေါင်းဆောင် ထင်ကုန်သူတွေလည်း ရှိပါတယ်။ ပရော့ဂျက် လုပ်စားရင်း ပျော်မွေ့နေသူတွေလည်း ရှိသလို 'ဒေါ်စု' နာမည် တွင်တွင်အော်ပြီး နေရာယူချင်သူတွေလည်း အများအပြားရှိပါတယ်။

ထောင်ထဲမှာ ၁၆ နှစ်တိုင်အောင် အပြင်လောကနဲ့ အဖြတ်ခံရပြီး လွတ်မြောက်လာတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ် အစရှိတဲ့ ခေါင်းဆောင်တွေကို ကြိုဆိုခဲ့တာကတော့ ('ကျောင်းသားဟေ့') ဆိုတဲ့ မာန်နဲ့ အင်အားပြည့်တဲ့ ကျောင်းသား အင်အားစု မဟုတ်တော့ပါဘူး။ နိုင်ငံရေး အသိရှိပြီး၊ ကျောင်းသားမာန် ရှိကြတဲ့ ကျောင်းသားဟောင်းတွေဟာ ရုန်းကန်နေကြပြီး၊ ပရောဂျက်သမားတွေနဲ့ အက်တစ်ဗစ်သမားတွေသာ ငွေရွှင်နေကြတာမို့ သူ့ထက်ငါ (၈၈) ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရင်းနှီးယုံကြည်မှုကို ရယူဖို့ ကြိုးစား ခဲ့ကြပြန်ပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ကို အရင်းပြုပြီး ညီညွတ်တဲ့ ကျောင်းသား အင်အားစုကို ပြန်လည်ထုတ်ဖေါ်ဖို့ သတိမရကြပါဘူး။ (၈၈) ကျောင်းသား ခေါင်းဆောင်တွေနဲ့ စကားပြောရဖို့၊ အင်တာဗျူးလုပ်ဖို့ နာမည်သုံးပြီး ကြေညာချက် (Statement) ထုတ်ဖို့ ကြိုးစားလျက် အချိန် ဖြုန်းခဲ့ကြပါတယ်။

ဒီကနေ နေ့အချိန်မှာ NLD ဟာ ပထမအင်အား၊ (၈၈) ကျောင်းသားထုသည် ဒုတိယအင်အားအဖြစ် ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ ပြည်တွင်း NLD ခေါင်းဆောင်တွေသည်၎င်း၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေသည်၎င်း နအဖ ရဲ့ ဓါးအောက်တွင် နေထိုင်ရတာကြောင့် အန္တရာယ်ရှိပါတယ်။ နိုင်ငံရေး လှုပ်ရှားဖို့ အခွင့်လမ်း မရှိလှပါဘူး။ ဒါကြောင့် သွားဖြဲကာ ဟန်မပျက်၊ မာန်လေးနဲ့ နေပြရပါမယ်။ ဒါပေမယ့် ကျောင်းသား မြေအောက်လှုပ်ရှားမှု (UG) ရှိသင့်ပါတယ်။ အဘယ်ကြောင့်လည်း။

လက်ရှိအနေအထားတွင် NLD ခေါင်းဆောင်ပိုင်းသည် မြေပေါ် အတိုက်အခံပါတီ ပုံသဏ္ဍာန်တွင်သာ ရှိပါသည်။ ပါတီပုံစံနှင့် အမည်သာရှိသည်။ လှုပ်ရှား ဦးဆောင်နိုင်သည့် အနေအထား မရှိပါ။ လက်ရှိ အခြေအနေတွင် ပိုနေမြဲ-ကျားနေမြဲ ဗျူဟာကို ဆက်လက် ကျင့်သုံးနေပါလျှင် နိုင်ငံရေးအရ လုံးပါးပါးစရာသာ ရှိပါတော့သည်။ တိုးတက်စရာအကြောင်း မမြင်နိုင်ပါ။ ဒီပဲယင်းတွင် စီးသွားသည့်တိုင် ဘာလှုပ်ရှားမှုမှ မပေါ်ပေါက်ခဲ့ပါ။ ဒေါ်စု၏ ဦးဆောင်မှုကို တားဆီးလိုက်သည်နှင့် NLD ၏ လှုပ်ရှားမှုသည်လည်း ရပ်တန့်ခဲ့ရပါသည်။

သို့သော် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ပိုင်းတွင် ပထမလိုင်း၊ ဒုတိယလိုင်း၊ တတိယလိုင်း ခေါင်းဆောင်ဟူ၍ အဆင့်ဆင့် ရှိပါသည်။ ထိပ်ပိုင်း ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သော်လည်း အရည်အချင်းနှင့် စိတ်ဓါတ်ရှိသည့် ခေါင်းဆောင်များက ဆက်လက် ဦးဆောင်နိုင်ပါသည်။ သို့သော် စစ်အစိုးရသည် ကျန်ခဲ့သည့် ခေါင်းဆောင်ပိုင်းကို ရေရှည် လွှတ်ထားမည် မဟုတ်ပါ။ သည့်အတွက် ပြည်တွင်းရှိ ကျောင်းသား ခေါင်းဆောင်များသည် ကိုယ်ယောင်ဖျောက်၍ လှုပ်ရှားသင့်ပါသည်။ တလွဲမာနနှင့် အဖမ်းခံမည်၊ ဗြောင်တိုက်ပွဲဝင်မည်ဟု အတွေးမချော်သင့်ပါ။ စစ်ပွဲ၏ နောက်ဆုံး ရလဒ်သည် 'ရည်မှန်းချက်' အောင်မြင်ရေး ဖြစ်သည်။ တိုက်ပွဲတိုင်း အသာရရေး၊ အနိုင်ရရေး မဟုတ်ပါ။ 'ဘင်'ကြီးသည် တိုရာဗိုရာတိုက်ပွဲတွင် အဖမ်းမခံရဘဲ လွတ်ထွက်သွားသဖြင့် အမေရိကန်များ ယူကြုံးမရ ဖြစ်ခဲ့ရပါသည်။ ရောမခေတ်က ဟနနီဗါ ကို တပ်မပျက်ရန် ထိပ်တိုက် ရင်မဆိုင်ဘဲ နောက်ဆုံးမှ အနိုင်ယူခဲ့သော ရောမတို့၏ သာဓကများ ရှိပါသည်။ လွန်စွာအရေးကြီးသည့် ယခုလိုအချိန်မျိုးတွင် ပြတ်သားသော၊ ခေါင်းဆောင်မှုပေးနိုင်သော၊ ၈၈ ခုနှစ်က အတွေ့အကြုံ ရှိခဲ့သော၊ အရည်အချင်းနှင့် အတွေ့အကြုံရှိသော ခေါင်းဆောင်များ လိုအပ်လှပါသည်။

စစ်အစိုးရ၏ မတရားဖမ်းဆီးခြင်း ခံနေရသည့် တိုင်းပြည်၏ ခေါင်းဆောင်များဖြစ်သော ဒေါ်စု၊ ဦးတင်ဦး၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုပြုံးချိုနှင့် နိုင်ငံရေး သမားများ လွတ်မြောက်ရန် လူထုအင်အား နည်းတနည်းသာ ကျန်ပါတော့သည်။ လူထုကို လှုံ့ဆော်၍ အင်အားအဖြစ် စုစည်းနိုင်သူများမှာ ရှစ်လေးလုံး ခေါင်းဆောင်များသာ ရှိပါသည်။ သို့ဖြစ်ပါ၍ ကျန်ရစ်သူ ကျောင်းသား ခေါင်းဆောင်များသည် အဖမ်းခံမည့်အစား ကျောင်းသား မြေအောက်လှုပ်ရှားမှု (UG) အသွင်အဖြစ် ပြောင်းလဲလှုပ်ရှား ရပါမည်။

ဗိုလ်ချုပ်ခင်ညွန့်နှင့် ဒကက လှမ်းဒကို ခြေမှုန်းပြီးသည့် နောက်ပိုင်း နအဖ စစ်ထောက်လှမ်းရေး အင်အားနှင့် အရည်အသွေးသည် သိသိသာသာကြီး ချို့တဲ့လျက် ရှိပါသည်။ မြန်မာပြည်တွင် စစ်တပ်က အုပ်ချုပ်ခဲ့သည့် နှစ်များတွင် ယခုအချိန်သည် လျှို့ဝှက်လှုပ်ရှားရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။ ဤအခွင့်အရေးကို လက်မလွှတ်သင့်ပါ။

No comments:

Post a Comment