ဗိုလ်မှူးချုပ် ကျော်ဇော

ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၉ ခုနှစ် ၁၄ နာရီ ၂၆ မိနစ်

Mizzima


ဗိုလ်မှူးချုပ် ကျော်ဇောကို လူချင်းတွေ့ရတော့ ကွန်မြူနစ်ရယ်၊ ဆိုရှယ်လစ်ရယ် ခွဲမမြင်နိုင်တော့ဘူး။ ကွယ်လွန်သွားတဲ့ ကျေးဇူးရှင် (အဖေ) တို့နဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တဦးအဖြစ်ပဲ မြင်မိတယ်။ အဖေကိုလည်း သတိရတာနဲ့ ကျနော် ရိုသေစွာ ထိုင်ကန်တော့ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ရိုးသားမှုကို တွေ့ရတော့လည်း ကျနော် လေးစားမိတာအမှန်ပါ။


ဒါပေမဲ့ ကျနော့်ဆီမှာ မပြီးသေးတဲ့ မိသားစုတာဝန်က ကျန်နေသေးတယ်။ အဲဒါကတော့ ဗိုလ်မှူးချုပ်ကျော်ဇော ရေးခဲ့တဲ့ သူရဲ့ ကိုယ်ရေး ရာဇဝင်မှာ ရေးသားထားတဲ့ ဦကျော်ငြိမ်း အကြောင်းပါ။ ကျနော်နဲ့ ခင်တဲ့ မိတ်ဆွေက ဘာကြောင့် ပြန်မရေးတာလဲလို့ အရေးဆိုကြတယ်။ တချို့ကလည်း ထားလိုက်ပါတော့ဗျာလို့ အကြံ ပေးကြတယ်။

အသက်ကြီးပြီဖြစ်တဲ့ တော်လှန်ရေးသမားကြီးကို လေးစားမိတာတကြောင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော မိသားစုနဲ့တွေ့ပြီး ခင်မင်မိတာတကြောင်းကြောင့် မရေးဖြစ်ခဲ့ဘူး။ ဗိုလ်မှူးချုပ်မောင်မောင်ဆုံးသွားတဲ့ သတင်းကြားမှ သင်္ခါရကို မကျော်နိုင်ကြတာ တွေးမိတယ်။ အချိန်က လူကို မစောင့်ပါလားဆိုပြီး သတိဝင်လာတယ်။ ဒီ့အပြင် ပြန်လည်ဖြေရှင်းမှုမရှိခဲ့ရင် ရာဇဝင်ကိုရေးရာမှာ အချက်အလက်မှန်ဖို့ အရေးကြီးတယ်ဆိုတာကို နားမလည်နိုင်တဲ့၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကိုသာ အခြေခံရင် အမှန်တရားဟာ ဖုံးကွယ်သွားနိုင်တယ် မဟုတ်လား?



ကြယ်တွေ၊ စကြာဝဋ္ဌာအကြောင်း လေ့လာတဲ့ (Astronomy) ဘာသာရပ်အရ ကျနော်တို့ စကြာဝဋ္ဌာ Universe ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.ရ ဘီလျံလောက်က (Big Bang) ဆိုတဲ့ ပေါက်ကွဲမှုကြီးက မွေးဖွားခဲ့တယ်။ ဒီ Big Bang ရဲ့ နောက်ခံ (Background Radiation) ကို မပျောက်မပျက်ရှာတွေ့မှ BigBang ဆိုတာကို လက်ခံခဲ့ကြတယ်။ ဒီလိုပဲ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းဆိုတာ ဖျောက်ဖျက်လို့မရပါဘူး။ ရာဇဝင်ဆိုတာ အရေးကြီးပါတယ်။

ဗိုလ်ချုပ်ကျော်ဇောရေးတဲ့ ကာလမှာ ကျနော့်အဖေဟာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ဖြေရှင်းခွင့် မရတော့ရှာပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဇော အသက်ထင်ရှားရှိစဉ်မှာ ဒီဆောင်းပါးကို ရေးရတာပါ။
အဆိုတခုကို သက်သေနဲ့ နှစ်ဖက်ကြည့်တတ်ရပါမယ်။ နောင် - ရာဇဝင်ဆရာတွေ သုံးသပ်နိုင်အောင် တင်ပြရခြင်းပါ။ ကျနော် ပြန်ဖြေရှင်းရမယ် ဆိုတာကိုလည်း ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုကို ကူမင်းမှာ တွေ့စဉ်က အသိပေးခဲ့ပြီးဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစု ကျနော့် အမြင်ကို နားလည်နိုင်ပါစေ။

အရေးကြီးတဲ့ တချက်က ကျနော် ယုံကြည်တာက လစ်ဘရယ်ဒီမိုကရေစီပါ။ ကျနော့်အမြင်အရ ဘယ်နိုင်ငံရေး သဘောတရားမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ လစ်ဘရယ်ဒီမိုကရေစီမှာလည်း ချို့ယွင်းချက်တွေ ရှိတာပဲ။ ဒါပေမဲ့ ချို့ယွင်းချက်တွေကြားက ဘာကြောင့် အခုထိ လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာကြီးမှာ ရှင်သန်ကြီးထွားလျက်ရှိပြီး ကွန်မြူနစ်ဝါဒဟာ ကျဆုံးခဲ့ရသလဲ?





ကွန်မြူနစ်ဝါဒရဲ့ ဗဟိုဦးစီးစနစ်မှာ ငါ့ဝါဒသာ အမှန်၊ ဝါဒမတူသူဟာ ရန်သူ၊ တိုက်ထုတ်ထား - ဆိုတဲ့ (တဖက်သတ်) အမှန်တရားကို ဆုပ်ကိုင်ထားတတ်တယ်။ လစ်ဘရယ်ဒီမိုကရေစီမှာတော့ လွတ်လပ်မှုနဲ့အတူ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိတဲ့ Critical Thinking ဟာ အရေးပါလှပါတယ်။ Critical Thinking အရ အတွေးအခေါ်ဖြစ်စေ၊ အဆိုပြုချက်တခုကိုဖြစ်စေ ဘက်စုံက ငြင်းဆိုခွင့် ရှိတယ်၊ ထောင့်စုံက ကြည့်ပြီးမှ လက်ခံခွင့် ရှိတယ်။ အခု ဂရိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ လူငယ်လေးတွေဟာ တယူသန် မတွေးတော့ဘူး။ မေးခွန်းတွေ မေးမယ်၊ အဖြေရှိမှ လက်ခံကြမယ်။ ဒါကြောင့် ကျနော့်ရဲ့ အမြင်ကို ဘက်စုံကကြည့်ပြီး တင်ပြချင်တာလည်း ပါပါတယ်။ လူငယ်လေးတွေ စဉ်းစားနိုင်အောင်ပါ။

ဗိုလ်မှူးချုပ်ကျော်ဇော်ဟာ တနိုင်ငံလုံးကလေးစားရတဲ့ အထင်ကရပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အမျိုးသားအဆင့်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လာရင် စိတ်(နု)၍မရ အပြောအဆိုဖြစ်စေ အရေးအသားဖြစ်စေ စိတ်(နု) ၍ မရပါ၊ ဒေါ်သပါ၍ မရပါ။ ၂ဝဝ၉ သြဂုတ်လဆန်း ကျော်ကျော်က အမေရိကန်သမ္မတလောင်းအဖြစ်အရွေးခံခဲ့တဲ့ ယ္ခုလက်ရှိ နိုင်ငံခြားရေးးဝန်ကြီး ဟင်လရီကလင်တန်ဟာ လူထုနဲ့တွေ့ဆုံပွဲ Town-Hall-Meeting တခုမှာ ကျောင်းသားတယောက်ရဲ့ မေးခွန်းကို စိတ်ဆိုးပြီး ဆတ်ကနဲ ပြန်ဖြေခဲ့တဲ့အတွက် အဲဒီဖြစ်ရပ်ဟာ ကမ္ဘာကျော်ခဲ့ရတယ်။ ပြီးခဲ့တဲ့ ပြင်သစ်သမ္မတ ရွေးကောက်ပွဲအကြို အခြေအတင် စကားပြောပွဲမှာ အမျက်ထွက်လွယ်သူ၊ စိတ်ဆတ်သူလို့ နာမည်ကြီးတဲ့ စာကိုးဇီး (Sarkozy) ကို ပြိုင်ဘက် လွိုင်ရွယ် (Royal) က စိတ်လိုက်မာန်ပါ ပြောဆိုလာပါတယ်။ စာကိုးဇီးက “အိုမဒန်လွိုင်ရွယ်ရယ်၊ သမ္မတပီသပါစေ” လို့ လေအေးအေးနဲ့ ခွန်းတုံ့ပြန်ခဲ့ရာ နိုင်ငံရေး လေ့လာသူတွေနဲ့ ဝေဖန်သူတွေရဲ့ အမြင်အရ ပရိသတ်နဲ့ ပြည်သူတွေက စာကိုးဇီးကို ပိုယုံခဲ့တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အခြေအတင်ပြောပွဲ (Debate) အပြီးမှာ စာကိုးဇီးကို ထောက်ခံသူတွေ ပိုများလာပြီး သမ္မတအဖြစ် အရွေးခံခဲ့ရတယ်။

အမျိုးသားအဆင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်လာခဲ့ရင် ကျနော်တို့ အညတရတွေလို စိတ်လိုက်မန်ပါ ဒေါသရှေ့မထားသင့်တော့ပါ။


ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်ရေးရာဇဝင်မှာ၎င်း၊ တွေ့ဆုံမေးမြန်းခန်းတွေမှာ၎င်း ဆိုရှယ်လစ်ခေါင်းဆောင်တွေနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်စပ်လာရင် ကွန်မြူနစ်ဒေါသကို ဖုံးကွယ်နိုင်ပုံ၊ ကျော်လွှားနိုင်ပုံ မမြင်ရပါ။ ကွန်မြူနစ်ဆိုရင် အကောင်း၊ ဆိုရှယ်လစ်ဆိုရင် အဆိုး၊ တလမ်းသွား အတွေးအခေါ်က ထင်ပေါ်လွန်းတယ်။ လွပ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်ရေးရပြီးစ ကာလတွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတယ်။ ရန်အငြိုး ကြီးထွားခဲ့ကြတာကိုး။




နောက်တချက် ကျနော်မြင်တာက လွတ်လပ်ရေး ရပြီးကာစ ကာလ တပ်တွင်းပြိုင်ဆိုင်မှုမှာ ဆိုရှယ်လစ် ဗိုလ်မှူးချုပ် ၂ ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ကြီးတို့နဲ့ ဗိုလ်မှူးချုပ် ကျော်ဇောတို့ရဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ကြတယ်။ ဗိုလ်မှူးချုပ် ကျော်ဇောတို့ မိသားစုနဲ့ စကားပြောကြည့်တဲ့အခါ ဗိုလ်မှူးချုပ် အောင်ကြီးဟာ မာနနဲ့ အင်္ဂလိပ်လို့ (arrogant) လူပါးဝတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးဟာ ဗိုလ်ချုပ် နေဝင်းနဲ့ ခင်ရုံမက ဝန်ကြီးချုပ် ဦးနုနဲ့လည်း နီးတာကြောင့် မာနထောင်ခဲ့တယ်။ Mary Callahan ရေးတဲ့ Making Enemies စာအုပ်မှာ ဦးကျော်ငြိမ်းကိုပါ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုထားတယ်။ (မှတ်ချက်။ စာမျက်နှာ ၁၈ဝ - အခန်း (၇) ကို ကြည့်ပါ။)

ကျနော် မြန်မာနိုင်ငံက မထွက်ခင် ငယ်စဉ်ကျောင်းသားဘဝက ဗိုလ်ချုပ်မောင်မောင်ကို ကြည့်မရခဲ့ပါ။ “ဒီလူကြီး ငါ့အဖေကို အမြဲဆူပူအောင် အော်ပစ်နေတာပဲ” လို့ ကလေးပီပီ တွေးမိခဲ့တယ်။ ကျနော် လူကြီးဖြစ်တော့ ငယ်စဉ်က အတူခင်ခဲ့တဲ့ ကျနော့်အကိုရဲ့ ငယ်ပေါင်း (သွား) ဆရာဝန်တယောက်နဲ့ နယူးယောက်မြို့မှာ ပြန်လည်ဆုံဆည်းခဲ့မိတယ်။ တွေ့တိုင်း အမြဲဆူပူအော်ဟစ်နေတယ်။ ငယ်ပေါင်းလည်းဖြစ် အပေါက်ကလည်း ဆိုးတာကြောင့် အထင်မကြီးမိပါ။ တနေ့ (သွား)နာမှ မပြချင်ပြချင်နဲ့ ပြမိတယ်။ ဒီတော့မှ ကျနော့် မိတ်ဆွေဟာ လူတွေအထင်ကြီးကြတဲ့ အမေရိကန်ပေါက် အဖြူသွားဆရာဝန်တွေထက် များစွာ (သာ) ကြောင်း သိခဲ့ရတယ်။ ကျနော်တွေ့ဖူးတဲ့ သွားဆရာဝန်တွေအထဲမှာ အတော်ဆုံးတယောက်အဖြစ် အသိအမှတ်မပြုချင်ဘဲ အသိမှတ်ပြုခဲ့ရတယ်။ ဒီတော့မှ ကျနော့်ဖခင်ကြီးဟာ ဗိုလ်မှူးချုပ်မောင်မောင်ကို ဘာကြောင့် စိတ်မတိုရကြောင်း နားလည်ခဲ့ရတယ်။ အားကိုးရတဲ့ လူတော် သို့သော် အပေါက်ဆိုးတယ်။ “သြော် သူ့ဝသီ“ ပဲလို့ ပြုံးရင်း နားလည်ခဲ့ရတယ်။

ဒါပေမဲ့ ပဋိပက္ခပြင်းထန်နေတဲ့ အချိန်ကာလမှာ ဒီပြိုင်ဘက် ဗိုလ်မှူးချုပ် ၃ ယောက်ကြားမှာ ခံစားမှုတွေ ရှိခဲ့ရမယ်ဆိုတာကို နားလည်နိုင်ပါတယ်။ တယောက်က အပေါက်ဆိုးတယ်၊ နောက်တယောက်က မောက်မာတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဒီနှစ်ယောက်ကြားမှာ ညပ်နေမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

ဗိုလ်ချုပ်နေဝင်းက လူရည်လည်တယ်။ ဗိုလ်မှူးချုပ်ကျော်ဇောကို အသားလွတ် ရန်ရှာပုံ မပေါ်ဘူး။ ဗိုလ်မှူးချုပ် ကျော်ဇော ပင်စင်ယူပြီး ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်နေတဲ့ ကာလမှာ ရဲဘော် သုံးကျိပ်နဲ့ ပတ်သက်ခဲ့တဲ့ ဂျပန် တယောက် ရန်ကုန်ရောက်အလာမှာ ကျင်းပတဲ့ ညစာစားပွဲကိုတက်ဖို့ ဗိုလ်မှူးချုပ်ကျော်ဇောကို ဗိုလ်ချုပ် နေဝင်းက ဖိတ်တယ်။ ဗိုလ်မှူးချုပ်ကျော်ဇောက မတက်ခဲ့ဘူး။ လာဖိတ်တဲ့ ဗိုလ်မှူးကြီးက ဗိုလ်ချုပ်နေဝင်းက စိတ်မကောင်းကြောင်း လာသတင်းပေးရင်း ဗိုလ်မှူးချုပ်ကျော်ဇောကို သွားမလုပ်ကြနဲ့၊ ဗိုလ်မှူးချုပ်ကျော်ဇောက သူ့ကို ဒုက္ခမပေးရင် ဘာမှမလုပ်ဘူးဆိုပြီး ဗိုလ်ချုပ်နေဝင်းက မှာထားကြောင်း ပြောသွားသေးတယ်တဲ့။ ဒါ ဗိုလ်မှူးချုပ်ကျော်ဇောကိုယ်တိုင် ကျနော် ကူမင်းကိုရောက်တုန်းက ပြန်ပြောပြလို့ သိရတာပါ။

ကြားလိုက်ရတော့ ဗိုလ်မှူးချုပ်ကျော်ဇောကို သတင်းပါး၊ message လာထည့်သွားတယ်ဆိုတာကို ချက်ချင်း ရိပ်မိလိုက်တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နိုင်ငံရေးအကွက်တွေကိုလည်း သွားသတိရမိတယ်။
ဗိုလ်မှူးချုပ်ကျော်ဇောမှာ ပြောစရာ အားနည်းချက်ဆိုလို့ တကွက်ပဲရှိတယ်လို့ ကျနော်တို့ အဖေတွေဘက်က လူကြီးတွေ ပြောခဲ့ဖူးတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ နိုင်ငံရေး သိပ်ရိုးလွန်းတယ်တဲ့။ Politically Naïve ဖြစ်တယ်လို့ ဆိုတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောပာာ ကွန်မြူနစ်ပါတီရဲ့ စစ်ဗိုလ်အားလုံး တောခိုရမယ်ဆိုတဲ့ အမိန့်ကို ဖီဆန်ပြီး စစ်တပ်ထဲမှာ ကျန်ခဲ့ကတည်းက ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်။ ၁၉၅၆ ခုလောက်မှာ ပုဒ်မ (၅) နဲ့ ထောင်ထဲရောက်ပြီး ကျန်းမာရေးချို့တဲ့ ဒုက္ခရောက်နေတဲ့ ဂျပန်ခေတ်က ရဲဘော်(ဦး)ကြီးမြင့်ကို ဗိုလ်ချုပ်နေဝင်း အကူအညီနဲ့ ထောင်ထဲက လွတ်အောင်လုပ်ပြီး အိမ်မှာတင်ထား၊ ဆေးကုသပေးခဲ့ပါတယ်တဲ့။ (မှတ်ချက် - သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ၊ စာမျက်နှာ ၂၄၉-၂၅၂ ကို ကြည့်ပါ။)




ဦးကြီးမြင့်ကို ထောင်က လွှတ်ပေးဖို့ ဗိုလ်ချုပ် နေဝင်းကို အကူအညီ တောင်းတော့ နိုင်ငံရေး မြေခွေး ဗိုလ်ချုပ် နေဝင်းက အသာလေး ကြိုးရှည်ရှည်နဲ့ လွှတ်ထား ပေးလိုက်တာပေါ့။ တပ်ထဲမှာ ယှဉ်နိုင်တာ ရဲဘော် သုံးကျိပ်ဝင်ဆိုလို့ ဗိုလ်ချုပ် ကျော်ဇော တယောက်သာ ကျန်တာပဲ။

ဦးကြီးမြင့်ဟာ ကွန်မြူနစ်ပါတီရဲ့ စီစီ (ဗဟိုကော်မတီဝင်) ဦးကြီးမြင့်ကပဲ ဗိုလ်မှူးချုပ် ကျော်ဇောကို ပြန်လည် စည်းရုံးသွားတာပဲ။ ကွန်မြူနစ်ပါတီရဲ့ စီစီ တယောက်ကို ကွန်မြူနစ် ပါတီဝင်ဟောင်း စစ်ဗိုလ်ချုပ် အိမ်မှာ တင်ထားတာ သတိမထားမိဘဲ နေကြပါ့မလား? စစ်တပ်နဲ့ ရင်ဆိုင်တိုက်နေရတာက ကွန်မြူနစ်ပါတီ။ နောက်ဆုံး စီစီ (ဦး)ကြီးမြင့်ကို ထောင်ထဲမှာ ပီဘီ (PB) ဖြစ်လာတဲ့ (ဦး)လှသောင်းက ညွှန်ကြားပြီး စစ်ဗိုလ်ချုပ်ကြီး အိမ်ကနေပြီး ပါတီလုပ်ငန်းကို လျှို့ဝှက်လုပ်နေကြပါတယ်တဲ့။

ဗိုလ်ချုပ်နေဝင်းက အသာလေးအဆင်းတွန်းပေးပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နိုင်ခဲ့တာပါ။

ဒါ့အပြင် ကျနော်ရဲ့ ဖခင်ဟာ ကွန်မြူနစ်တွေနဲ့ အားပြိုင်နေရတာကြောင့် ဗိုလ်ချုပ်နေဝင်းနဲ့ ပေါင်းရပေမယ့် တယောက်နဲ့ တယောက် မျက်စိဒေါက်ထောက် ကြည့်နေရတာပဲ။ ကွန်မြူနစ်တွေ အားသာပြီး ရန်ကုန်အစိုးရဖြစ်တော့ ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်လို့ ဗိုလ်ချုပ်နေဝင်း ပြောခဲ့တာကိုလည်း ဦးကျော်ငြိမ်း မမေ့ဘူး။

လက်ဝဲညီညွတ်ရေး ဖွဲ့စဉ်က ဗိုလ်ချုပ်နေဝင်းက ဥက္ကဋ္ဌ၊ ဦးသိန်းဖေမြင့်က အတွင်းရေးမှူးအနေနဲ့ အာဏာသိမ်းဖို့ ကြံစဉ်က ဗိုလ်ချုပ်နေဝင်းက လေတပ်ကို သုံးရင်သုံးဖို့ ဗိုလ်သိန်းတန်ကို ကိုင်ထားတယ်။ သစ္စွာရှိတဲ့ တပ်ကြပ်တယောက်က သတင်းပေးတာကြောင့် ဗိုလ်ချုပ်နေဝင်းကို ဗြောင်မေးခဲ့တယ်။ ဗိုလ်ချုပ်နေဝင်း မပါတော့ အာဏာသိမ်းဖို့ အစီအစဉ်ပျက်သွားတယ်။ ဗိုလ်ချုပ်နေဝင်းက တခါ ဦးကျော်ငြိမ်းရဲ့ ညီတဝမ်းကွဲ ဦးထွေးမြင့် ကွန်မြူနစ်ဖြစ်နေတာနဲ့ ပြန်ကိုင်တဲ့အတွက် မဖမ်းချင်ဘဲ ဦးထွေးမြင့်ကို ဖမ်းရတယ်။ ဒါတွေက လူမသိသူမသိ (အာဏာ) ရဲ့ အားပြိုင်မှုတွေပဲ။ ဒါကြောင့် ဦးကျော်ငြိမ်းက ဗိုလ်ချုပ်နေဝင်းကို Balance လုပ်ဖို့ ဗိုလ်မှူးချုပ်ကျော်ဇောကို နိုင်ငံခြားမစ်ရှင်မှာ ခေါ်ခဲ့တယ်။
ဗိုလ်ချုပ်ကျော်ဇောက နိုင်ငံရေးရိုးလွန်းတော့ မအောင်မြင်ခဲ့ဘူး။


ဗိုလ်ချုပ်ကျော်ဇော အမြင်က ရန်ရှာတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ကို ရန်မရှာတဲ့ ဗိုလ်ချုပ်နေဝင်းထက် အန္တရာယ်ကြီးတယ်လို့ သတ်မှတ်ခဲ့ပုံရတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့အောက်မှာ ဆိုရှယ်လစ်ဗိုလ်မှူးချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေရှိတယ်။ ဒါ့အပြင် ဗိုလ်မှူးကြီး ကြည်ဝင်းက ဦးဗဆွေကြီးရဲ့ မယားညီအကို၊ ဒုဗိုလ်မှူးကြီးကြည်ဟန်က ဦးကျော်ငြိမ်းရဲ့ ယောက်ဖ။ ဗိုလ်မှူးကြီးခင်ညိုက ဗိုလ်ခင်မောင်လေးရဲ့ ညီ။ ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ မဟာမိတ်ဖွဲ့မိရင် ဗိုလ်ချုပ်နေဝင်းကို Check mate လုပ်ဖို့ ကစားကွက်လှနိုင်တာပေါ့။

ဒါပေမဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် အက်ကြောင်းနဲ့ သံသယတွေကြောင့် မရခဲ့ကြဘူး။ ဝါဒရေး လွှမ်းမိုးမှုက ကြီးမားတာကိုး။

အနေဝေးကြတော့ တယောက်အကြောင်း တယောက်မသိတာလည်း ပါနိုင်ပါတယ်။ ကျနော်တို့ ညီအကို ဦးသန့် အရေးအခင်းမှာ ပါဝင်မှုနဲ့ အဖမ်းခံရတော့ ကျနော့်အဖေက ဗိုလ်ချုပ်နေဝင်းကို သားတွေအတွက် စာရေးပြောလိမ့်မယ်လို့ ဗိုလ်ချုပ်ကျော်ဇော မိသားစုက ထင်ခဲ့ကြတယ်။ တချို့နိုင်ငံရးသမားတွေကလည်း ဗိုလ်ချုပ်နေဝင်းဆီ စာရေးကြတဲ့ သာဓကတွေကလည်း ရှိကြတာကိုး။

ကျနော်တို့ရဲ့ ဖခင်ကြီးက နိုင်ငံရေး ဒူးမထောက်ခဲ့သလို ကျနော်တို့ကလည်း ထောင်ထဲမှာ အလံမလှဲခဲ့ကြဘူး။ လွတ်ရက်စေ့မှ ရင်ကော့ပြီး ထွက်ခဲ့ကြတာပါ။
ကျနော်က ဗိုလ်မှူးချုပ် ကျော်ဇောကို ၃ ပိုင်းခွဲ မြင်မိတယ်။
- (၁) လူသားထဲက လူတယောက်
- (၂) စစ်ဗိုလ်ချုပ်
- (၃) ကွန်မြူနစ်

(၁) ဗိုလ်မှူးချုပ်ကျော်ဇောဟာ ရိုးသားတဲ့ လူသားတယောက်၊ ဖြောင့်မတ်တဲ့ လူသားတယောက်၊ တိုင်းပြည်ချစ်တဲ့ မျိုးချစ်တယောက်။ လေးစားစရာပါ။
(၂) စစ်တိုက်တော်တဲ့၊ ရိုးသားတဲ့၊ ဖြောင့်မတ်တဲ့ စစ်သားတယောက်။ ချီးကျူးစရာပါ။
စစ်တိုက်တော်တဲ့ စစ်ဗိုလ်ချုပ်ကို ကျနော် သိချင်တာမို့ မေးမိတယ်။ အန်ကယ်က Strategy မဟာဗျုဟာမှာ တော်တာလား? logistic တောက်ပံ့ရေးမှာ တော်တာလား? Tactics နည်းဗျူဟာမှာ တော်တာလားလို့? ဗိုလ်မှူးချုပ်ကျော်ဇောက ရိုးရိုးကြီး ဖြေတယ်။ အားလုံးမှာ တော်တာတဲ့။ ဟန်ဆောင်တာ မရှိဘူး။ ကျနော် လက်ခံပြုံး ပြုံးမိတယ်။

(၃) ကွန်မြူနစ်တယောက်အနေနဲ့တော့ ကျနော် အရိုးသားဆုံး ဝန်ခံရရင် စိတ်မကောင်း ဖြစ်မိတယ်။
တကယ့်အတွင်းနက်နက် လေ့လာကြည့်ရင် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ကွန်မြူနစ်ပါတီတို့ရဲ့ ဆက်ဆံရေးဟာ အပေါ်ယံ၊ မီဒီယာမှာ မြင်ရထာထက် ရှုပ်ထွေးပါတယ်။ ကျနော့်အမြင်အရ ပြောရရင် ဗိုလ်ချုပ်ကျော်ဇောဟာ အသုံးချခံလိုက်ရတယ်လို့ မြင်မိတယ်။

ကွန်မြူနစ်ပါတီ ဗဟိုက ဗိုလ်မှူးချုပ်ကျော်ဇောမိသားစုကို တော်ဖြောင့်မှန်ကန်စွာ မဆက်ဆံခဲ့ဘူးလို့ မြင်မိတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောဟာ သခင်းစိုးအပြောကောင်းတာနဲ့ ကွန်မြူနစ်ဖြစ်ခဲ့ပုံရတယ်။ ဒုတိယအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင် ဖြစ်နေပြီ။ သခင်စိုးက လက်နက်ကိုင် တော်လှန်ရေးသမား။ ဒါကြောင့် စစ်ဗိုလ်ဆိုရင် အလေးပေးဆက်ဆံတယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ဘာကြောင့် တောမခိုသလဲ ?

ဗိုလ်မှူးချုပ်ကျော်ဇောက သူ တီဘီ (အဆုတ်) ရောဂါနဲ့ ဆေးကုနေရလို့ တောမခိုခဲ့ဘူးလို့ ရေးခဲ့တယ်။ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ စာမျက်နှာ ၂၅၁ မှာ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုက တောခိုဖို့ ညွှန်ကြားတော့ လက်နက်ကိုင် တောခိုတာ မှားတယ်လို့ မြင်ပြီး ငြင်းလိုက်တယ်။ ဒါနဲ့ သူ့ကို ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တယ်လို့ ဆိုတယ်။ မိသားစုတဦးရဲ့ အဆိုအရ သခင်သန်းထွန်းကို မယုံတာကြောင့်လို့ သိရတယ်။

ကျနော် ယူနန်ရောက်မှ သိရတာက ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုစိတ်ကြောင့် သခင်သန်းထွန်းတို့အုပ်စု ဗိုလ်ချုပ်အောင်ဆန်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာကို အမြင်မကြည်တာလို့ သိရတယ်။

ဒါကြောင့် ဗိုလ်မှူးချုပ်ကျော်ဇောဟာ ပါတီနဲ့ အဆက်အသွယ်ပြတ်နေရုံမက စိတ်နာပြီး သခင်တင်မြ မြေအောက်လှုပ်ရှားစဉ်က အတွေ့မခံခဲ့ဘူး။ ဦးကြီးမြင့်ကို ကယ်ပြီးမှ ပြန်လည်စည်းရုံးခြင်း ခံခဲ့ရတာပါ။ ထောင်ထဲမှာပဲ ပီဘီ (PB) ပေါ်လစ်ဗျုရိုဝင် ဖြစ်လာတဲ့ ဦးလှသောင်းရဲ့ ညွှန်ကြားချက်နဲ့ ထောင်ထဲမှာ စီစီ (CC) ဖြစ်လာတဲ့ ဦးကြီးမြင့်က ဗိုလ်ချုပ်ကျော်ဇော အိမ်မှာနေပြီး၊ ရတဲ့ သတင်းတွေကို ပို့ခဲ့ပါတယ်တဲ့။ ဗိုလ်ချုပ်ကျော်ဇောနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဘယ်လိုမိသွားသလဲဆိုတာ သခင်တင်မြစာအုပ်မှာ ဖက်ကြည့်ကြပါ။ စိတ်ဝင်စားစရာ ကောင်းသလို၊ သင်္ခန်းစာယူစရာ ကောင်းတာတွေ တွေ့ရပါလိမ့်မယ်။

ဒီစာရွက်စာတမ်းတွေ မိတာသိလျက်နဲ့ သခင်သန်းထွန်းတို့က ဗိုလ်မှူးချုပ်ကျော်ဇောကို အသိမပေးခဲ့ဘူး။ ဗိုလ်မှူးကြီးကြည်ဝင်းက ဗိုလ်မှူးချုပ်ကျော်ဇော ရုံးခန်းအရှေ့ကဖြတ်ပြီး ဒီစာရွက်စာတမ်းတွေကို လာယူသွားခဲ့တာတဲ့။ ကြိုသိရင် IO (Intelligence-Officer) စစ်ဗိုလ်ကို ဗိုလ်မှူးချုပ်ကျော်ဇောအနေနဲ့ တားနိုင်ရင် တားနိုင်မှာပေါ့။ ဒါလည်း ကူမင်းရောက်မှ သိခဲ့ရတာပါ။
ဗိုလ်ချုပ်ကျော်ဇောဟာ သူရဲကောင်း (ဟီရိုး) မို့လို့ ကွန်မြူနစ် ဝါဒဖြန့်ချိရေးအရ Larger Than Life ပုဂ္ဂိုလ်ဖြစ်အောင် မြှင့်တင်ဖန်တီးခဲ့ပေမယ့် တကယ်တမ်း တောခိုလာတော့ ဗဟိုက အပြည့်အဝ မယုံကြည်ခဲ့ဘူးလို့ ထင်တယ်။

တောခိုကျောင်းသားဟောင်းတွေ ရေးတဲ့ ထို့ကြောင့်ဤသို့ (သံပတ်ပေးထားသော စက်ရုပ် သို့မဟုတ် ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ စာမျက်နှာ ၅၄၃ အဆိုအရ) ဗိုလ်ချုပ်ကျော်ဇောခမျာ စစ်မြေပြင်၊ ပကတိအခြေအနေတောင် ပေးသိမခံရလို့ ဆိုထားပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အခြေစိုက်ရာ ပန်ဆိုင်းကို စွန့်စွန့်စားစားသွားခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ အတူနေကာ (လ) နဲ့ချီပြီး ဆွေးနွေးခဲ့တဲ့ ဗာတဲလ်လစ်တနာ Bertil Litner ရေးတဲ့ Land of Jade, The Rise & the fall of CPB, Burma in Revolt တို့ကို ဖတ်ကြည့်ပါ။ ပါတီဗဟိုက ဗိုလ်ချုပ်ကျော်ဇောကို ထိုက်ထိုက်တန်တန် တပ်နီတော်ကြီးကို ဗိုလ်ချုပ်ကျော်ဇောလက်ထဲကို ယုံယုံကြည်ကြည် အပ်နှံပြီး ဦးစီးမှူးတာဝန် မပေးခဲ့တာကို သိရပါလိမ့်မယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ကွန်မြူနစ်နယ်မြေကို လွတ်မြောက်လာတာဟာ ဗိုလ်ချုပ်နေဝင်းက တမင်လွှတ်ပေးလိုက်တာလို့ Bertil Litner က သူ့အမြင်ကို စာရေးသူကို ဆွေးနွေးဖူးပါတယ်။
ကွန်မြူနစ် - ပီဖီရဲ့ အမိန့်ကို ဆန့်ကျင်ပြီး ဆိုရှယ်လစ် စစ်ဗိုလ်တွေ ဦးစီးတဲ့ စစ်တပ်မှာ တဦးထဲ ကျန်ခဲ့တဲ့ ကွန်မြူနစ် ဗိုလ်ချုပ်ဟာ ဆိုရှယ်လစ်စစ်တပ်မှာ တပ်ကို ကိုင်ပြီး တိုက်ခွင့်ရသေးတယ်။
ကွန်မြူနစ်တပ်နီတော်မှာ တိုက်ခွင့် မရတော့ပါ။

ရာဇဝင်ကြီးခဲ့တဲ့ နာမည်ကျော် စစ်ဗိုလ်ချုပ်ကြီးကို ဘာကြောင့် ဦးစီးပြီး မတိုက်ခိုင်းတာလဲ?

တိုက်ပွဲအတွေ့အကြုံနုတဲ့ လူက စစ်ဦးစီးချုပ်နေရာယူပြီး စစ်ပွဲအတွေ့အကြုံ ဝါရင့်သဘာရင့် စစ်ဗိုလ်ချုပ်ကိုတော့ ဒုစစ်ဦးစီးချုပ်ဆိုပြီး သုတေသနလုပ်ခိုင်းထားပါတယ်တဲ့။

ကွန်မြူနစ်ဗဟိုကသာ အာဃာတစိတ်ကို ရှေ့တန်းမတင်ဘဲ ဗိုလ်ချုပ်ကျော်ဇောလို ပုဂ္ဂိုလ်မျိုးကို တပ်ကို ယုံယုံကြည်ကြည် ပုံအပ်ပြီး စိတ်တိုင်းကျ တိုက်ခွင့်ပေးခဲ့ရင် ဗမာပြည်ရာဇဝင် ပြောင်းနိုင်တဲ့ အခြေအနေ ရှိခဲ့တာပေါ့။


ကွန်မြူနစ်တွေရဲ့ အနောက်မြောက်က တပ်တွေနဲ့ ပဲခူးရိုးမက တပ်တွေ ချိပ်မိခဲ့ရင် …။

ကွန်မြူနစ်ပါတီအတွင်း သခင်သန်းထွန်းရဲ့ အာဃာတအမျက်ဟာ အတော်ပြင်းထန်တယ်။ အခုထိ အကျိုးသက်ရောက်လျက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

အမိန့်ဖီဆန်မှုနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ပါတီဝင်အဖြစ်က ထုတ်ပစ်ခဲ့တယ်။ အကျိုးဆက်က ပါတီကို အကျိုးပြုခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ဗဟိုက မယုံလို့ တပ်ကိုင်ခွင့် မရခဲ့ရှာဘူး။
xxxxxxxx

အခုထိ ဆိုရှယ်လစ်တွေကို အခဲမကြေနိုင်ကြသေးဘူး။ ဦးကျော်ငြိမ်းကြောင့် အာဏာလက်လွတ်ခဲ့ရတယ်လို့ ခေါင်းထဲ စွဲနေကြတုန်းပဲ။ ဦးကျော်ငြိမ်းကို ပြည်တွင်းစစ် တရားခံဖြစ်အောင် ဝိုင်းတိုက်ကြတုန်း။

ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေရဲ့ ပဋိပက္ခက နက်ရှိုင်းခဲ့တာကိုး။ အာဏာပြိင်ပွဲမှာ ရှုံးခဲ့သူတွေက ပိုနာကြည်းမယ်ဆိုတာကို သိပေမယ့်လည်း …။

ဗိုလ်ချုပ်နေဝင်း ၂၆ နှစ် အုပ်ချုပ်ပြီးတော့ နအဖနဲ့ ဗိုလ်ချုပ်သန်းရွှေခေတ်ပဲ အနှစ် ၂ဝ ရှိခဲ့ပြီ။ ကွန်မြူနစ် ဒေါသက မပြယ်နိုင်သေးပါလား။

ကျနော် စိတ်မကောင်း ဖြစ်မိတာက ကျနော်လေးစားတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောမှာပါ ဒေါသကျန်နေတာကို တွေ့ရလို့ပါ။

ဗိုလ်ချုပ်ကျော်ဇောက သူရဲ့ ကိုယ်တွေ့မှတ်တမ်းမှာ ---
ဦးကျော်ငြိမ်းဟာ ဂျပန်တော်လှန်ရေးတုန်းက တိုင်း ၆ မှာ တာဝန်ကျတာကို မသွားခဲ့ဘူး၊ သူရဲဘောနည်းတယ်လို့ စွပ်စွဲခဲ့တယ်။
ကျနော် ဘာကြောင့် ပြန်ဖြေရှင်းသင့်သလဲ ?
Critical Thinking ကို လက်ခံတဲ့ လူတယောက်အနေနဲ့ ဖခင်ဖြစ်လို့ မျက်စိမှိတ် ထောက်ခံခြင်း မဖြစ်သင့်ပါ။ အချက်အလက် Facts ပေါ်မှာ အခြေခံရင် ဝေဖန်ရုံမက တိုက်ခိုက်လာရင်တောင် လက်ခံရမှာပဲ။

ကူမင်းမှာ အခြေအတင် ဆွေးနွေးကြရင်း ဒေါက်တာလှကျော်ဇောက ဆိုရှယ်လစ်တွေ သတင်းစာတိုက်တွေကို ဝင်ရိုက်တာကို ဖော်ထုတ်လာတယ်။ ကျနော်က မကာကွယ်ခဲ့ပါ။ ဒီလုပ်ရပ်ဟာ မှားတယ်ဆိုတာကို လက်ခံတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်းရေးတဲ့ ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံ စာအုပ်မှာ ဦးကျော်ငြိမ်းကိုယ်တိုင် နောင်တရကြောင်း ဖော်ပြခဲ့တာပဲ။ ဒါက အာဏာရဲ့ ကြောက်စရာကောင်းတဲ့ သာဓက တခုပဲ။

ဒီမိုကရေစီအောက်မှာ အာဏာလွန်တော့ သတင်းစာတိုက်တွေ အရိုက်ခံရတယ်။ပစ္စည်းမဲ့ အာဏာရှင်စနစ်အောက်မှာ အာဏာလွန်တော့ ဖြုတ်-ထုတ်-သတ်တွေ ဖြစ်ကုန်ရော မဟုတ်ပါလား?



ကြုံလို့ပြောရရင် - သခင်တင်မြဟာ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာစာအုပ်မှာ ဦးကျော်ငြိမ်းဟာ ရက်စက်လိုက်တာလို့ ထောင်တွင်း အဖြစ်အပျက်ကို ရည်ညွှန်း - ဖော်ပြရင်းစွပ်စွဲခဲ့တယ်။
ဒါက သူ့ရဲ့ သဘောထား ထောင်တွင်းမှာ ကိုယ်တိုင် ခံစားမှုအရ ဖြစ်ပေါ်လာတဲ့ ခံစားမှု တင်ပြခံစားခွင့် ရှိတယ်လို့ မြင်မိတယ်။

တဖက်က ပြန်ကြည့်ရင် အစိုးရနဲ့ သူပုန် အပြန်အလှန် ချေမှုန်းရမယ်။ ဒါ ပကတိ (အာဏာ) ရဲ့ ဖြစ်ရပ်။ အစိုးရဖြစ်ပြီဆိုရင် ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးတာဝန် ရှိလာတယ်။ စပ်တပ်ရှိရမယ်။ ပုလိပ်ရှိရမယ်။ ပြည်ထဲရေးဝန်ကြီး တာဝန်ယူရရင် ဖမ်းမိန့်ပေးရမယ်။ ဒီမိုကရေစီပေါ်ထွန်းရုံမက ဒီမိုကရေစီ အခြေတွယ်မှ (ဥပဒေ) အရ ဆိုတာတွေနဲ့ ထိန်းကွပ်နိုင်မယ်။ သူပုန်တွေ ဝိုင်းနေတဲ့ ခေတ်ဦးကာလမှာ (ဥပဒေ) နဲ့ အာဏာရှိသူတို့ကို ထိန်းကွပ်ဖို့ အခြေအနေက မပေးလှ - အသက်ရှင်ရေးက အဓိက ပိုကျလာတယ်။

ဒီမိုကရေစီခေတ်က (ထောင်) အခြေအနေ၊ မဆလခေတ်နဲ့ ယနေ့ နအဖ ခေတ် ထောင်အခြေအနေကို ယှဉ်ကြည့်ပါ၊ သုံးသပ်ကြည့်ပါ၊ သခင်တင်မြရာလို့သာ တင်ပြချင်ပါတယ်။

နဝတ-နအဖ ထောင်တွင်း ငရဲခန်းတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြပြီး သတ္တိရှိရှိ ဗိုလ်ချုပ်သန်းရွှေ ရက်စက်တယ်ဗျာလို့ ကြွေးကြော်ပေးပါဦးလို့သာ တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်တင်မြကို တောင်းဆိုချင်ပါတယ်။



ဦးကျော်ငြိမ်းက ပြည်ထဲရေးဝန်ကြီးဖြစ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ရပါ။

ဆိုရှယ်လစ် ဥက္ကဋ္ဌကြီး သခင်မြကို ဦးစားပေးခဲ့ပါတယ်။ ကွန်မြူနစ်တွေ ဆူပူမှုကို ကိုင်တွယ်ဖို့ ပြတ်သားတဲ့ အုပ်ချုပ်မှု (နိုင်) တဲ့ လူ လိုတယ်။ ဥက္ကဋ္ဌကြီးသခင်မြက သဘောကောင်းလွန်း၊ (ပျော့) တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ယူဆတယ်။ ကျော်ငြိမ်း မင်းကိုင်လို့ ဗိုလ်ချုပ်က ဆိုလာတယ်။ ဦကျော်ငြိမ်းက သူ့ဥက္ကဋ္ဌကို မကျော်ချင်။ ဦကျော်ငြိမ်းရဲ့ Latin လို (Modus Operandi)၊ အင်္ဂလိပ်လို Mode of Operation လုပ်နည်းကိုင်နည်းက နောက်ကွယ်ကသာ ကြိုးဆွဲချင်တယ်။ ရှေ့ထွက်နေရာ မလိုချင်။ ဦကျော်ငြိမ်း ဇနီး ဒေါ်နွဲ့နွဲ့ရီက နိုင်ငံရေးနားလည်တယ်။ “ရှင် … ပြည်ထဲရေးဝန်ကြီးနဲ့ စထွက်ရင် နာမည်ပျက်မယ်” လို့ သတိပေးတယ်။ အစည်းအဝေးမှာ ဦးကျော်ငြိမ်းက ငြင်းလိုက်တယ်။

ဗိုလ်အောင်ကြီးက ဒေါ်နွဲ့နွဲ့ရီကို လာဆူပူအပြစ်တင်တယ်။ (မှတ်ချက် - ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်ရေးမှတ်တမ်းမှ)

ဒါ ပါတီက ဆုံးဖြတ်တာလို့ ဆိုတယ်။ နောက်ဆုံး ဖဆပလ အီးစီ (EC) ဆုံးဖြတ်ချက်ကို လက်ခံ လိုက်ရတယ်။ ကွန်မြူနစ်တွေ ဦးစီးတဲ့ ဆန္ဒပြပွဲ ဆန်လုပွဲမှာ အရှေ့က မိန်းမနဲ့ ကလေးတွေကို မပစ်နဲ့၊ နောက်က ကွန်မြူနစ်တွေကို ပစ်လို့ ဗြောင်ကြေညာမှ ရပ်သွားတယ်။

ထင်တဲ့အတိုင်း ပြည်ထဲရေးဝန်ကြီး အလုပ်က နာမည်ပျက်တယ်။ ဦးကျော်ငြိမ်း မသိလို့မဟုတ် တာဝန်ကို မရှောင်နိုင်။

ဗိုလ်ချုပ်အောင်ဆန်းက သတ္တိရှိတယ်။ ဦးကျော်ငြိမ်း ကိစ္စဆိုပြီး မိန့်ခွန်းပေးရင်း အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဦးကျော်ငြိမ်း လုပ်ရတာလို့ တာဝန်ခံတယ်။ မရတော့ (မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများစာအုပ် (မကျေနပ်ရင် ထွက်ပေးမယ်) မိန့်ခွန်း စာမျက်နှာ ၃၂၁ -၃၂၂ တွင် ကြည့်ပါ။)
ကွန်မြူနစ်တွေရဲ့ ပစ်မှတ် အဖြစ်ခံရပြီ။

အာဏာဆိုတာက ကြောက်စရာကောင်းတယ်။

တိုင်ပြည်အာဏာ မပြောနဲ့ တောထဲမှာပင် လူ လေးရာ ထောင်ဂဏန်းထဲမှာတောင် အာဏာကြောင့် အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ခဲ့ကြတယ် မဟုတ်ပါလော? ရဲဘော်ဋ္ဌေးခမျာ မိမိသားအရင်း လက်ချက်နဲ့ သေခဲ့ရတယ် မဟုတ်ပါလော?

ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ တိုက်ပွဲမှာ အတူရှိလို့ ကိုယ်တွေ့ အတွေ့အကြုံအရ - ဦးကျော်ငြိမ်းကို သတ္တိမရှိလို့ စွပ်စွဲလာရင် ငြင်းဆိုစရာ မရှိပါ။
အခု ဗိုလ်မှူးချုပ်ကျော်ဇောက တိုင်း ၄ ပဲခူး၊ ဦးကျော်ငြိမ်းက ရန်ကုန်မှာ။

ဦးကျော်ငြိမ်း ဘာကြောင့် တိုင်း ၆ ကို မသွားဘဲ ရန်ကုန်မှာ နေရတယ်ဆိုတဲ့ အကြောင်းတွေထဲမှာ အရေးပါတဲ့ အကြောင်းတခုက ရန်ကုန်မှာ လုပ်ဖော်ကိုင်ဖက် ဦးဘဆွေကြီး အဖမ်းခံရတယ်။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်က ရဲဘော်ထိရင်မရ။ ဆိုရှယ်လစ် ရဲဘော်အချင်းချင်း အသေမခံနိုင်။ အထူးသဖြင့် ဦးဗဆွေလို ရောင်းရင်းမျိုး၊ တဖက်မှာ ကွန်မြူနစ်တွေရန်က ရှိသေးတယ် မဟုတ်ပါလား? ဦးနုကို ကပ်ပြောကာ၊ ဒေါက်တာဘမော်ကို အကူအညီ တောင်းရတယ်။ ဝင်လုဖို့ ကြံစည်ရတယ်။ အဲဒီတုန်းက ဇနီးသည်က ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့။ ကိုကို သေခဲ့ရင် ကလေးတွေကို ချစ်ကြောင်း ပြောပေးပါလို့ မှာခဲ့ရှာတယ်။ သေမယ်၊ မသေမယ် မပြောနိုင်။ (မှတ်ချက်။ ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်တွေ့မှတ်တမ်းမှ)

ကင်ပေတိုင်ကလာအဖမ်း နောက်ပေါက်ကနေ ထွက်ပြေးခဲ့ရတယ်။ ဦးနုရဲ့ တာတေစနေသားမှာလည်း ဖော်ပြထားပါတယ်။


ထိုစဉ်က ဖြစ်ရပ်တွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တို့ တဦးကိုတဦး မယုံကြည်မှုများလည်း ပါပါတယ်။ တပ်ကိုကိုင်ထားသူက ပြိုင်ဘက်အဖွဲ့က ဖြစ်နေရင် မိမိလုံခြုံရေးကို စိတ်မချနိုင်။


ဖက်ဆစ်တော်လှန်ရေး စစ်တိုင်းတွေခွဲကြတော့ ပထမ စစ်တိုင်းမှူးတွေကို ရွေးပြီးမှ နိုင်ငံရေးမှူးတွေကို ရွေးပါတယ်။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တွေ့မှတ်တမ်းအရ ဗိုလ်မှူးချုပ်ကျော်ဇောက ဦးကျော်ငြိမ်းကို သူ့တိုင်းလာဖို့ ဖိတ်ခေါ်တယ်။ ဦကျော်ငြိမ်းအတွေးက ဗိုလ်ချုပ်ကျော်ဇောက ကွန်မြူနစ် ဗိုလ်ရဲထွဋ်က ကွန်မြူနစ် အပြည့်အဝ မဖြစ်သေး။ ဗိုလ်ရဲထွဋ်က ပိုစိတ်ချရနိုင်တယ်တွေးလို့ ဗိုလ်ရဲထွဋ်တိုင်း သွားမယ်ဆိုပြီး ပြောခဲ့တယ်။ သခင်ချစ်က ဒါဆို ကျုပ် ဗိုလ်ကျော်ဇောဆီ သွားမယ်ဆိုပြီး အဆင်ပြေသွားကြတယ်။ (မှတ်ချက်။ ဦးကျော်ငြိမ်း၏ ကိုယ်တွေ့မှတ်တမ်းမှ)

တိုင်းတွေအတွက် စစ်ရေးတာဝန်ခံ၊ နိုင်ငံရေးတာဝန်ခံတွေ ခွဲပြီးပြီ။ တကယ်တိုက်ကြတော့ အားလုံးစီစဉ်တဲ့အတိုင်း ဖြစ်မလာ။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်း ၁ စစ်ရေးတာဝန်ခံ၊ ကိုဗဟိန်းက တိုင်း ၁ နိုင်ငံရေး တာဝန်ခံ။

လက်တွေ့ကျတောာ့ ဗိုလ်ချုပ်ဟာ တော်လှန်ရေးတခုလုံးကို ခေါင်းဆောင်နေရလို့ ဗိုလ်မောင်မောင် (ဆိုရှယ်လစ်) ကို စစ်တိုင်းတာဝန်ယူစေတယ်။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွားတော။့ ဦးကျော်ငြိမ်းကိုယ်တိုင် ရေးသွားတဲ့အတွက် သိခဲ့ရတာပါ။ ဒီအဖြစ်က ရာဇဝင်မှာ သိပ်မထင်ပေါ်ခဲ့။

စာပေသမားအများစုက လက်ဝဲယိမ်းတာမို့ ဖုံးဖိခဲ့ကြသလားမသိ? ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တွေ့တော့ ဒီဖြစ်ရပ်ကို မေးကြည့်တယ်။
ဒါတော့ သူ နေမကောင်းလို့ သူ့နေရပ် သူပြန်သွားတာဖြစ်မှာပေါ့လို့ ချက်ချင်း ဖြေတယ်။

ကိုကျော်ငြိမ်းက ဦးဗဆွေကြီးကို ကယ်ဖို့ ရန်ကုန်မှာ ကျန်ခဲ့တယ်။ တာဝန်ကျရာ တိုင်း ၆ ကို မသွား။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွား။ တယောက်က သတ္တိနည်းသူတဲ့၊ တယောက်ကျတော့ ကျန်းမာရေးကြောင့်တဲ့။

ကျနော်အမြင်အရ ဗိုလ်ချုပ်ကျော်ဇောအနေဖြင့် တယောက်အကြောင်းမှ အတိအကျ မသိနိုင်ပါ။ ကိုယ့်တာဝန်နဲ့ ကိုယ် အလုပ်များနေကြသူတွေ ဖြစ်တယ်။ အန်ကယ် မသိဘူးဆိုရင် ပိုအဖြေမှန်ပါလိမ့်မယ်။

ကျနော့်အမြင်ကို ဖြည့်စွက်ရရင် ဦးကျော်ငြိမ်း ကွန်မြူနစ် စစ်ဗိုလ်တွေကို စိတ်မချသလို ကိုဗဟိန်းက ဆိုရှယ်လစ် စစ်ဗိုလ်ကို စိတ်မချ။ တဖက်နဲ့တဖက် မယုံနိုင်ကြ။ ရာဇဝင်ကို အမှန်အတိုင်း ဖြစ်စေချင်လို့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ စောဒက တက်စရာရှိပါသေးသည်။ ဒီကနေ့ အပြင်မှာ အော်နေကြသူတွေနဲ့ အထဲမှာ လှုပ်ရှားနေကြသူတွေမှာ ဘယ်သူတွေက အန္တရာယ်ကြီးမားတယ်လို့ ထင်ပါသလဲ။ သတ္တိရှိသူလို့ ယူဆနိုင်ပါသလဲ။ ဖက်ဆစ် ဂျပန်ကြားမှာ လှုပ်ရှားရခြင်းက အန္တရာယ်မသေးပါ။

(သတ္တိ) ဆိုသည်မှာ ရင်ဆိုင်တိုက်ရတဲ့ စစ်ပွဲတွင်မှမဟုတ်၊ ထောင်ထဲမှာ ရန်သူရဲ့ အညှဉ်းဆဲခံရတော့ (သတ္တိ) ရှိမရှိ ပေါ်လာပြန်ပါတယ်။

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးစကာလ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်း၊ နိုင်ငံရေးပါတီတွေကို နှိမ်နင်းစဉ်၊ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ ဦးကျော်ငြိမ်းဟာ အညှဉ်းဆဲ အခံရဆုံး နိုင်ငံရေး ခေါင်းဆောင်တယောက်လို့ ဆိုနိုင်ပါတယ်။ cage လို့ ခေါ်တဲ့ လှောင်အိမ်ထဲမှာထားပြီး အညှဉ်းခံခဲ့ရပါတယ်။

အာဏာသားကတော့ ဗိုလ်မှူးကြီ်းသန်းညွန့်ပါ။ ထိုစဉ်က စစ်တပ်ထဲမှာ သန်းညွန့် ၂ ယောက် ရှိပါတယ်။ အရမ်းသန်းညွန့်နဲ့ ရှီကာဂို သန်းညွန့်။ ဦးကျော်ငြိမ်းကို နှိပ်စက်သူမှာ အရမ်းသန်းညွန့် ဖြစ်ကြောင်း မှတ်တမ်းတင်ပါရစေ။ ဦးတင်မောင်ဝင်းရဲ့ (နိုင်ငံရေးသမားနဲ့ နိုင်ငံရေး) စာအုပ်၊ စာမျက်နှာ ၃၃၁ မှ ၃၃ရ၊ ရေကြည်အိုင်မှ ဇာတ်လမ်းများတွင်လည်း တပိုင်းတစ ဖော်ပြထားပါသည်။)

ဦးကျော်ငြိမ်းရဲ့ သွေးစွန်းနေတဲ့ ကော်လာပြတ် အဖြူရောင် ရှပ်အင်္ကျီကို ယနေ့ထက်တိုင် အမှတ်တရ သိမ်းထားပါတယ်။ ဒါ ကျနော်တို့ မိသားစုအတွက် မမေ့ပျောက်နိုင်တဲ့ သက်သေတခုပါ။

ကျနော်သိသမျှ တင်ပြရပါရင် ဦးကျော်ငြိမ်းနဲ့အတူ ဗိုလ်လကျာ်၊ ဗိုလ်စင်္ကြာ၊ ဗိုလ်မှူးထွန်းတင်နဲ့ UMP တပ်မှူးဟောင်းတွေ၊ အောင်ပင်လယ်ဦးသိန်းဖေ အစရှိတဲ့ စစ်အာဏာရှင် ဆန့်ကျင်ကြသူတွေက စစ်အာဏာရှင် ပြုတ်ကျရေးကို စဉ်းစားခဲ့ကြပါတယ်။

စစ်တပ်က နောင်မလုပ်ရဲအောင် ကျနော့်အဖေကို ရှေ့တန်းတင်ကာ Show Trial လုပ်ပြီး အပြစ်ပေးဖို့ အစီအစဉ် လုပ်လာပါတယ်။ (မှတ်ချက်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို စတေးခဲ့သည့်အတွက် ယနေ့အထိ စစ်တပ်တွင် တန်ပြန်အာဏာသိမ်းမှု မပေါ်ပေါက်တော့ပါ။ ဦးနေဝင်း၏ တွေးနည်းနှင့် လုပ်ကွက်ကို ချင့်ချိန်အောင် တင်ပြခြင်းပါ။)

ဦးကျော်ငြိမ်းအမှုကြီးတာကတော့ တကယ် မှန်ပါတယ်။ ဦးဝင်းကို အပြည့်အစုံ ထုတ်မပြောခဲ့တာက လေးစားမှုကြောင့် အမှုမပတ်သက်စေချင်လို့ပါ။ ဗိုလ်စင်္ကြာ ဝင်တည်းသွားတဲ့အမှုနဲ့ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်) အဖမ်းခံရပါတယ်။

ကျနော်က အဲဒီတုန်းက ၈ တန်းကျောင်းသား။ အဖေက နောက်ဆုံးကောင်းမှု လုပ်ဖို့ စိတ်ဖြစ်လို့ ထင်ပါတယ်၊ သားတွေကို ရှင်ပြုလိုက်ပါတယ်။ အမေက သာသနာ့ရိပ်သာမှာ ကျနော်တို့ ညီအကိုတွေကို သင်္ကန်းစီးပေးခဲ့ပါတယ်။

ကျနော့်ဖခင်ကြီးခမျာ နောက်ဆုံး သတ်သေဖို့ ကြိုးစားခဲ့ရာ ဗိုလ်ချုပ်နေဝင်း ချက်ချင်း ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ ခွေခွေလေး ပုံလျက်လဲနေတဲ့ ကျနော့်အဖေကို တွေ့သွားရာ စိတ်လည်ပြီး အစီအစဉ်အားလုံးကို ဖျက်မိန့်ပေးလိုက်တယ်လို့ သိရပါတယ်။

တချိန်က ဖဆပလ အဖွဲ့ကြီးမှာ အပြိုင်ဖြစ်ခဲ့ကြလို့ ရန်ဆောင်ခဲ့ကြတဲ့ ဦးတင်မောင်ဝင်းရဲ့ ဖခင်ကြီး ဦးဝင်းနဲ့ ဦးကျာ်ငြိမ်းတို့ ထောင်ထဲမှာ ယုံကြည်မှုအပေါ် ရပ်ခဲ့ကြတဲ့ နိုင်ငံရေးသမားအချင်းချင်း ပြန်လည်သင့်မြတ် အပြန်အလှန် လေးစားခဲ့ကြတယ်။

“ဒီကနေ့ နိုင်ငံရေးသမားတွေတွေထဲမှာ ဘယ်သူ့ကို မင်း အလေးစားဆုံးလဲ” လို့ မေးလာရင် “ဦးကျော်ငြိမ်းတယောက် ထိပ်ဆုံးက ပါသည်” လို့ ဖြေပါမယ်လို့ ဦးတင်မောင်ဝင်းက ရေးသွားခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ လောကမှာ အတိအကျ မသိကြပေမယ့်လည်း အနည်းနဲ့ အများ ဦးကျော်ငြိမ်း အနှိပ်စက်ခံခဲ့ရတာကို သိကြပါတယ်။ ကွန်မြူနစ်တွေအကြားတော့ မသိပါ? မသိတာလား? မသိချင်တာလား? ဆိုတာကို ခွဲခြားဖို့ ခက်ပါတယ်။


ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ကွန်မြူနစ်တွေသာ သံသယနဲ့ အမြင်စောင်းကြတယ်လို့ မဆိုနိုင်ပါ။ ဆိုရှယ်လစ်တွေမှာလည်း အပြစ်မကင်းလို့ ဆိုနိုင်ပါတယ်။ ရန်ကုန်ဗဆွေနဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့ရဲ့ ရေးသားချက်တွေမှာလည်း ကွန်မြူနစ်တွေကို အထင်သေးတာတွေ ရှိပါတယ်။



ဂျပန်တော်လှန်ရေး မစခင်ပင် သခင်သန်းထွန်းနဲ့ ကွန်မြူနစ်တွေ ဂျပန်ရန်က ကင်းလွတ်ဖို့ ရန်ကုန်ကနေ ရှောင်ပြေးကြပြီလို့ ဦးကျော်ငြိမ်းကိုယ်တိုင် သံသယနဲ့ ရေးခဲ့ဖူးပါတယ်။

အမှန်က တော်လှန်ရေးကို ဘယ်ပါတီကမှ (မပိုင်) ပါ။

ပုဂ္ဂိုလ်တဦးတယောက်ထဲကလည်း (မပိုင်) ပါ။

တိုင်းပြည်နဲ့ လူမျိုးကို ချစ်စိတ်နဲ့ အရဲစွန့်၊ အသက်စွန့်ကာ တော်လှန်ရေးကြီးမှာ ကိုယ်နိုင်တဲ့ အခန်းကဏ္ဍ ကနေ ဝင်ပါခဲ့ကြတာပါ။

လွတ်လပ်ရေးကာလ ရာဇဝင်ကို ရေးကြရာမှာ စာရေးသူအများစုက ကိုယ်ပါခဲ့တဲ့ အခန်းကဏ္ဍနဲ့ သိဖူး ကြားဖူးတာလေးတွေပဲ ရေးကြတာပါ။ အပိုင်းအစတွေသာ ဖြစ်ကြပါတယ်။

ရာဇဝင် သုတေသီတွေကမှ စာအုပ်စာတမ်း မြောက်မြားစွာကို ဖတ်ရှုလေ့လာပြီး ဘက်လိုက်မှုမပါဘဲ (Professional ဖြစ်ခဲ့ရင်) မှတ်တမ်းအတွက် တင်ပြကြရပါတယ်။

ကျနော်ဟာ အဖေ့အကြောင်းကို ရေးနိုင်ဖို့ စာအုပ်စာတမ်း မြောက်မြားစွာကို ရှာဖွေဖတ်ရှုရုံမက အချိန်ပေး သုတေသန ပြုခဲ့ရပါတယ်။ အဖေတို့ခေတ်က လူကြီးတွေ ပြန်ပြောကြတာတွေ၊ ဆွေးနွေးကြတာတွေ ကတဆင့် သိခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အများကို မထုတ်ဖြစ်တဲ့ စာတမ်းတွေ (Unpublished documents) ကို ကျနော် စုဆောင်းထားပါတယ်။

လူငယ်တွေကိုလည်း ဘက်စုံအမြင်ကို ယူပြီးမှ Full-Context အနေနဲ့ ကြည့်စေချင်ပါတယ်။

အမှန်က ရဲဘော်သုံးကျိပ်ကို တာဝန်ယူ လွှတ်သူများမှာ ယူဂျီလို့ခေါ်တဲ့ မြေအောက် တော်လှန်ရေးသမား ဖြစ်ပါတယ်။ တကသ ကောလိပ်ကျောင်းသားတွေနဲ့ သခင်မြရဲ့ တို့ဗမာ အစည်းအရုံးဝင်တွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ ကိုဗဟိန်း၊ သခင်ချစ်တို့ ပါဝင်ခဲ့ကြတယ်၊ ပြည်သူ့ အရေးတော်ပုံ ပါတီလို့ ခေါ်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးတယ်။ ဂျပန်အတွက် လူလွှတ်တော့ အဖွဲ့စုံအောင်ပါဖို့ သတိပေးတယ်။ ဒေါက်တာဘမော် အဖွဲ့ကိုတောင် လျှို့ဝှက် အစည်းအဝေးကို ဖိတ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဦးကျော်ငြိမ်းနဲ့ သခင်ချစ်တို့ ရန်ကုန်မှာ ခေါင်းဆောင်အဖြစ် ကျန်ခဲ့ကြတယ်။ သခင်ချစ်ဟာ ကွန်မြူနစ်ပါတီမှာ ယူဂျီ ဘိုးအေဖြစ်လာပါတယ်။ သတ္တိမရှိဘဲ၊ဲအသက်မစွန့်ရဲဘဲ ယူဂျီခေါင်းဆောင် မဖြစ်နိုင်ပါ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ သားမက် - ၈၈၈၈ အပြီး အဖမ်းခံရတဲ့ ကွန်ုမြူနစ်ပါတီ် (အထက်ဗမာပြည်) ယူဂျီခေါင်းဆောင် ဦးသက်ခိုင် တယောက်ကိုသာ မေးကြည့်ကြပါ။

အသက်ပေး လုပ်ခဲ့ရတဲ့ ရောင်းရင်းတွေဖြစ်လို့ ဦးကျော်ငြိမ်းဟာ သခင်ချစ်ကို သံယောဇဉ်ကြီးရှာတယ်။ အမေကလည်း သခင်ချစ် မိန်းမကို ခင်ရှာတယ်။ မမေ့နိုင်ကြ။ သခင်စိုး၊ သခင်သန်းထွန်းတို့က ဂျပန်နဲ့ ပေါင်းရမှာကို လက်မခံခဲ့ကြ။ ဒါ့ပြင် သူတို့က သခင်နုနဲ့အတူ ထောင်ထဲမှာ ယူဂျီသမားတွေစွန့်ပြီး မြေအောက် တော်လှန်ရေး လုပ်ခဲ့ကြလို့ ရဲဘော်သုံးကျိပ် ဂျပန်ရောက်ခဲ့ကြပါတယ်။

ရဲဘော်သုံးကျိပ်ကြောင့် တော်လှန်ရေးကြီး အစရလို့ အရှိန်ကောင်းခဲ့တယ်။ သခင်သိန်းဖေ အိန္ဒိယပြည်ကို စွန့်သွားခဲ့လို့ Force 136 နဲ့ ချိပ်မိခဲ့တယ်။ ကွန်မြူနစ်၊ စစ်တပ်၊ ပြည်သူ့အရေးတော်ပုံပါတီ စုမိလို့ ဖဆပလ ပေါက်ဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြောင့်လည်း အားလုံး စုမိကြပါတယ်။ အားလုံး …. အားလုံး ….. အချိပ်အဆက်တွေ ဖြစ်ကြပါတယ်။ လူမသိ သူမသိ ပေးစပ်ခဲ့သူုတွေက အနန္တ။ လူသိ သူတချို့သာ ကျော်ကြားခဲ့ကြပါတယ်။

အစက်တစက်ထဲကို ကွက်မကြည့်နိုင်ပါ၊ မကြည့်သင့်ပါ၊ အစက်အားလုံးကို ဆက်ကာ …. ဆက်ကာ …. ကြည့်ရပါမယ်။

ဒီလို ခြုံကြည့်တတ်ရင် သူတော်တယ်၊ ငါတော်တယ်၊ ငါ့ပါတီက ဦးဆောင်ခဲ့တယ်၊ သူ့ပါတီက ဦးဆောင်ခဲ့တယ်လို့ မဏ္ဌပ်တိုင် တက်ပြနေစရာ မလိုတော့ပါ။ တော်လှန်ရေးဆိုတာက တယောက် အားနဲ့ ယူလို့ မရပါ။ အများအားနဲ့ ယူမှ ရနိုင်ပါတယ်။

ရှစ်လေးလုံး အရေးတော်ကြီး မဖြစ်ခင် နှစ်များမှာ ကွန်မြူနစ်ပါတီက ပြည်တွင်းရှိ နိုင်ငံရေးသမားကြီးတွေကို ဆက်သွယ်ခဲ့ပါတယ်။ ဘယ်သူတွေ ဘယ်နှစ်ယောက် သတ္တိရှိရှိ ပြန်ကြားခဲ့တယ်ဆိုတာကို ထုတ်ဖော် စေချင်ပါတယ်။ ဦးကျော်ငြိမ်းရဲ့ ပြန်စာကိုဖတ်ပြီး သခင်ဗသိန်းတင် မျက်ရည်လည်သွားတယ်လို့ သိရပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ မှားယွင်းတဲ့ အယူအဆ ရှိတယ်လို့ မြင်မိပါတယ်။ သူရဲကောင်း ကိုးကွယ်တဲ့ ဝါဒ အကျင့် ဖြစ်ပါတယ်။ မိမိ အထင်ကြီးသူကိုသော်၎င်း၊ ကိုးကွယ်သူကိုသော်၎င်း အပြစ်မမြင်ကြတော့၊ ပြန်မမေးရဲ ပြိုင်မဆွေးနွေးရဲကြ။ သူရဲကောင်းဆိုသူတွေမှာ ဘုရားရဟန္တာ မဟုတ်ကြပါ။ ပါတီစုံ ဒီမိုကရေစီကို တကယ်ယုံပါရင်၊ Critical-Thinking တကယ်ရှိပါရင် မိမိတို့ ခေါင်းဆောင်တွေကို မေးခွန်းထုတ်ရဲရပါမယ်။

ကျနော့်အမြင်အရ မြန်မာပြည်ကို ဖျက်ဆီးခဲ့တာက ဦးနေဝင်းရဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးနဲ့ စစ်ဗိုလ် ချည်းသက်သက် မဟုတ်ရပါ။

မဆလကို ကျောထောက်နောက်ခံအားပေးခဲ့ကြတဲ့ ကွန်မြူနစ်တွေလည်း ပါကြပါတယ်။ ၎င်းတို့ ထောက်ခံကြရာမှာ ဦးနေဝင်းက ပါတီစုံ ဒီမိုကရေစီအစား ဗဟိုဦးစီးစနစ်ကို ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ Marx ဝါဒ Marxism ကို လက်ခံသောကြောင့် ဖြစ်ပါတယ်။

ဒီကနေ့ လူငယ်တွေကို သတိရှိစေချင်ပါတယ်။

ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောကို လေးစားမှု လျှော့မသွားပါ။ ဗိုလ်မှူးချုပ်ကျော်ဇောကို သိစေချင်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောသာမက ဒေါက်တာလှကျော်ဇောနဲ့ ဦးအောင်ကျော်ဇောတို့ကိုလည်း လေးစား ခင်မင်မိပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုအနေနဲ့ ကျနော့်အမြင်နဲ့ တင်ပြချက်ကို နားလည် စေချင်တယ်။

ကွန်မြူနစ်၊ ဆိုရှယ်လစ်ရယ်မဟုတ် လွတ်လပ်ရေးအတွက် တိုင်းပြည်ကိုချစ်လို့ အသက်ပေး တိုက်ခဲ့ကြ သူချည်းတွေပဲ ဖြစ်ခဲ့ကြပါတယ်။ ကိုယ်သာတယ်၊ သူသာတယ်လို့ မမြင်ပါ။ ယုံကြည်မှု၊ ပုဂ္ဂိုလ်နဲ့ တာဝန်ကို ခွဲခြားမြင်စေလိုပါတယ်။

နောက်ခေတ် လူငယ်တွေ ပိုနားလည်လို့ ညီညွတ်စေလိုတာက စာရေးသူရဲ့ စေတနာပါ။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။

1 comment:

Anonymous said...

လေးစားစွာ ဖတ်ရှုသွားပါတယ်။

Post a Comment